ပေါက်  ၃   ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ရေခါးရေနံမှော်၌ ဖေဖော်ဝါရီ ၂ ရက်နေ့ည ၈ နာရီအချိန်ခန့် က ရေနံတူးကရောင်းစက်ဂဟေဆော်ရာမှ ရေနံကျင်းတစ်ကျင်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လက်ပံတိုရဲကင်းစခန်းမှ သိရသည်။

 

ပေါက်နှင့်မြိုင်မြို့နယ်တို့မှ မီးသတ်ယာဉ် ၁၂ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကာ မီးလောင်ကျွမ်းမှုကြောင့် မြင်းကောင်ရေ ၂၅ ကောင် ဂျင်ဒေါင်း အင်ဂျင်စက်တစ်လုံး နှင့် ရေနံစိမ်း ဂါလန်(၈၀ဝ) မီးလောင်ဆုံးရှုံးခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

 

ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာအုပ်စု ရေခါးကျေးရွာနှင့်၂ မိုင်ခန့်အကွာရှိ ဦးစိုးလွင် ပိုင်ဆိုင်သည့် ယာမြေ အတွင်း၌ ရေနံတူးဖော်လုပ်ကိုင်နေသော မြိုင်မြို့နယ် ၊ဆူးဝင်းကျေးရွာနေ ဦးနိုင်လင်း၏ရေနံကျင်း မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊  မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာနေ ဦးမျိုးဝင်း၏ရေနံကျင်း၌ ရေနံတူးကရောင်းစက်ဂဟေဆော်ရာမှ တောင်ဘက် ပေ ၆၀ခန့် အကွာရှိ ဦးနိုင်လင်း၏ရေနံကျင်းကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း လက်ပံတိုရဲကင်းစခန်းမှူး ဒုရဲအုပ်အောင်မိုးထံမှ သိရသည်။

 

ရေခါးရေနံမှော်တွင် လွန်ခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဇန်နဝါရီ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ ရေနံတွင်း တစ်တွင်း မီးလောင်းကျွမ်းခဲ့ကြောင်းသိရပြီး ယခုဖြစ်စဉ်၌ မီးပေါ့ဆစွာသုံးစွဲသူ ဦးမျိုးဝင်းနှင့် တရားမဝင်ရေနံတူးဖော်သူ ဦးနိုင်လင်းတို့အား အရေးယူထားရှိကြောင်း လက်ပံတိုရဲကင်းစခန်းမှ သိရသည်။


 ဇေယျတု(မကွေး)