တောင်ကြီး၊ ၂၁ ဇွန်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန အမှတ်(၈)အလတ်စား စက်ပြင်အလုပ်ရုံ ရွှေညောင်မြို့တွင် (၁/၂၀၂၁) လယ်ယာသုံး စက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူသင်တန်းကို ဇွန်(၂၁)ရက် နံနက်(၉)နာရီက အဆိုပါ စက်မှုလယ်ယာဦးစီးဌာန၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက စက်မှုလယ်ယာဦးစီးဌာန၏ အဓိက ရည်မှန်းချက်မှာ လယ်ယာလုပ်ငန်းခွင်တွင် စက်မှုလယ်ယာစနစ် ကူးပြောင်းရေးဖြစ်ပါကြောင်း၊ ယနေ့ဖြစ်ပေါ်နေသော ရာသီဥတု ပြောင်းလဲမှုများနှင့် လုပ်သားအင်အားရှားပါးမှု ပြဿနာများကြောင့် လယ်ယာလုပ်ငန်းခွင်တွင် စက်မှုလယ်ယာ ကူးပြောင်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ စက်မှုလယ်ယာ ကူးပြောင်းရေးအတွက် လုပ်ငန်းရပ်များဖြစ်သည့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ စက်မှုလယ်ယာစနစ် ကျင့်သုံးနိုင်သည့် လယ်ယာမြေများ တိုးတက် ပေါ်ထွန်းလာစေရေး၊ လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာများ တိုးတက်သုံးစွဲလာစေရေး၊ တောင်သူပိုင်လယ်ယာသုံး စက်ကိရိယာများကို စနစ်တကျနှင့် အလွယ်တကူ ပြင်ဆင်ပေးနိုင်ရေး၊ စက်မှုလယ်ယာ အသိပညာများ လေ့ကျင့်ပညာပေးရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး စသည့်လုပ်ငန်းများကို စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းမှုသင်တန်းများကို စက်မှုလယ်ယာစခန်းများတွင် (၂)ပတ်သင်တန်း၊ စက်ပြင်အလုပ်ရုံများတွင် (၄)ပတ်သင်တန်းနှင့် စက်မှုလယ်ယာ သင်တန်းကျောင်းများတွင် (၂)လသင်တန်း ဟူ၍ သင်တန်းအမျိုးအစားများ ခွဲခြားဖွင့်လှစ်ပေးလျက်ပါကြောင်း၊ ယခုသင်တန်းများ တက်ရောက်ပြီးစီးပါက လယ်ယာသုံး စက်ကိရိယာများနှင့် ပတ်သက်သည့် အခြေခံမှစပြီး မိမိကြိုးစားလျှင် ကြိုးစားသလောက်အသက်မွေး ဝမ်းကျောင်းပညာအထိပါ တက်ရောက်အောင်မြင်သွားမှာဖြစ်ကြောင်း၊ ယနေ့သင်တန်းကိုတက်ရောက်နေသည့် သင်တန်းသားများသည် သင်တန်းကာလ အချိန်တိုအတွင်း သင်ကြားပို့ချပေးမှုကို သေချာလေ့လာမှတ်သားပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်အောင် ကြိုးစားကြရန်နှင့် သင်တန်းမှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာပြီး သင်တန်းပြီးဆုံးအောင် ကြိုးစားတက်ရောက်ရန်နှင့် ယခုချိန်တွင် ဖြစ်ပွားနေသော Covid-19 ကပ်ရောဂါကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားသွားသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်း တင်ပြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ခင်းကျင်း ပြသထားသော လယ်ယာသုံးစက်ကိရိယာများကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါသင်တန်းကို တောင်ကြိးခရိုင်အတွင်းရှိ မြို့နယ်နှင့် ပအိုဝ်း ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သင်တန်းသား (၃၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် (၂၁) ရက်မှ ဇူလိုင် (၁၈) ရက်ထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းများမှာ ရှမ်းပြည်နယ်တွင် စက်မှုလယ်ယာစခန်း(၅)ခု၊ စခန်းဆွယ်(၃)ခုနှင့် စခန်းခွဲ(၇)ခု ဖွင့်လှစ်ထားရှိပြီး ထွန်စက်ကြီး(၉၂)စီး၊ ရိတ်သိမ်းခြွေလှေ့ရေးနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဝန်ဆောင်မှုပေးလျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးအတွက် ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှုအသင်း (၁၁)သင်း ဖွဲ့စည်းပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုလယ်ယာစနစ် အပြည့်အဝ ကျင့်သုံးနိုင်သည့် လယ်ယာမြေများကို ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် နှစ်စဉ်ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်တွင် ဧက(၂၅၀)အပါအဝင် ဧက(၁၄၀၀)ဖော်ထုတ်ပြီး ကုန်းမြင့်လယ်ယာမြေများကို ယခုနှစ်တွင်ဖော်ထုတ်ဧက (၁၂၄၀)အပါအဝင် (၃၀၃၆၂)ဧက ဖော်ထုတ်ပြီး တောင်သူများလယ်ယာ သုံးစက်ကိရိယာများ ပိုမိုတိုးတက်သုံး စွဲလာနိုင်အောင် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရေးကို စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တန်ဖိုးမြင့်လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ရရှိနိုင်ရေးကို သမဝါယမဦးစီးဌာန၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့နှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


