ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေး သဘောတူညီချက်အသစ်ရဖို့ ဥရောပက အရှိန်အဟုန်ဖြင့် ကြိုးစားနေ

ခြူးစန္ဒီနွေး

ဥရောပနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ပြဿနာကတော့ ပိုပိုပြီး ဆိုးရွားလာပါတယ်။ အခုဆိုရင် အီတလီနိုင်ငံက ဥရောပသမဂ္ဂကို အရင်ပေးထားတဲ့ ကတိတွေအတိုင်း ဆက်လက်လိုက်နာပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဝန်ထုပ်ဝန်ပိုး လျှော့ချစေလို

အီတလီကထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးဖို့ မြေထဲပင်လယ်တောင်ပိုင်း နယ်စပ်ကနေ ဝင်ရောက်လာတဲ့၊ ထောင်နဲ့ချီတဲ့၊ ခိုလှုံခွင့်တောင်းခံသူတွေ၊ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဥရောပသမဂ္ဂအဖွဲ့ကြီးရဲ့ အပြုအမူတွေဟာ အေးစက်စက်နိုင်လွန်းတယ်လို့ အီတလီက ခံစားမိပါတယ်။ နောက်ပြီးတော့ ဒီရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို လူတွေက စိတ်ပျက်လာကြတဲ့အတွက်လည်း ရွှေ့ပြောင်းဒုက္ခသည် ဆန့်ကျင်ရေးသမားဖြစ်တဲ့ မက်တီရီယိုဆယ်ဗေးနီဟာ ပိုမိုပြီး အင်အားကြီးလာစေခဲ့ပါတယ်။ ဆယ်ဗေးနီကတော့ ဒုက္ခသည်တွေ တင်ဆောင်လာတဲ့သင်္ဘောတွေကို အီတလီမှာ ကမ်းကပ်ခွင့်မပေးခဲ့ဘဲ ပိတ်ထားခဲ့သူပါ။ သူ့ရဲ့ လုပ်ရပ်တွေဟာ ရဲတင်းလွန်းတာကြောင့်လည်း ဒီနှစ်နွေရာသီမှာ မမျှော်လင့်ဘဲ ပြည်ထဲရေးဝန်ကြီးရာထူးကနေ နုတ်ထွက်ဖို့ ဦးတည်သွားခဲ့ပါတယ်။

ဆန်းသစ်ဖို့ ကြိုးစားလာ

မစ္စတာဆယ်ဗေးနီ ထွက်သွားပြီးတဲ့နောက် ဥရောပခေါင်းဆောင်တွေဟာ အတိတ်ကာလက ဖြစ်ရပ်တွေကို သင်ခန်းစာယူဖို့ အခွင့်အရေးရသွားပါတယ်။ နောက်ပြီးတော့ ဥရောပသမဂ္ဂအဖွဲ့ကြီးရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒကြီး တစ်ခုလုံးကို အရှိန်အဟုန်နဲ့ ဆန်းသစ်ပစ်ဖို့ ကြိုးပမ်းလာပါတယ်။ စက်တင်ဘာ၂၃ ရက်မှာတော့ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ မော်လ်တာနဲ့ ဖင်လန်နိုင်ငံတို့ဟာ ယာယီသဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီသဘောတူညီမှုမှာတော့ ကယ်ဆယ်ရေးသင်္ဘောပေါ်က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေကို ကယ်ဆယ်ပြီးတာနဲ့နောက်ပိုင်း အဖွဲ့ဝင်နိုင်ငံတွေဆီကို ချက်ချင်းခွဲဝေပေးမယ် ဆိုတာပါပဲ။ အီတလီရဲ့ ပြည်ထဲရေးဝန်ကြီးသစ် လူစီရာနာလာမိုဂီးစ်ကတော့ အီတလီဟာ တစ်နိုင်ငံတည်း ဝန်ထုပ်ဝန်ပိုးကို ထမ်းစရာမလိုတော့ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အီတလီအတွက် အခွင့်အရေးကောင်းလား

မော်လ်တာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့သဘောတူညီမှုကို အောက်တိုဘာ ၈ ရက် ကျရင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအားလုံးရဲ့ ပြည်ထဲရေးဝန်ကြီးတွေ ရှေ့မှာတင်ပြသွားပြီး လက်ခံပေးမယ့် နိုင်ငံအရေအတွက် တိုးလာမယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီအခွင့်အရေးဟာ အီတလီအတွက် အခွင့်လမ်းကောင်းတစ်ခုလို့ တိုရွန်တိုမြို့ရှိ ရီရာဆွန်တက္ကသိုလ်က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒပါမောက္ခဖြစ်သူ အန်နာထရိန်းဒါဖိုင်လီဒရူးက ပြောပါတယ်။ မစ္စတာဆယ်ဗေးနီ ထွက်သွားဖို့ဟာ တကယ်ပဲ အရေးပါလှပါတယ်လို့ သူကပြောပါတယ်။ မော်လ်တာနိုင်ငံမှာ တွေ့ဆုံခဲ့မှုကတော့ ဥရောပသမဂ္ဂရဲ့ စာချုပ်တွေအရ တကယ်တမ်း ဒုက္ခသည်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတဲ့ နိုင်ငံတွေဖြစ်တဲ့ ဂရိ၊ အီတလီ၊ မော်လ်တာနိုင်ငံတို့အတွက် အခက်အခဲတွေကို ဖြေရှင်းပေးဖို့ရာ နည်းလမ်းတွေကို ရှာဖွေဖို့ပါပဲ။

တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ခဲ့

ဒုက္ခသည်တွေဟာ မြေထဲပင်လယ်ကို ဖြတ်ပြီးတဲ့နောက်မှာတော့ ဂရိ၊ အီတလီနဲ့ မော်လ်တာနိုင်ငံတို့မှာ ဦးစွာနေထိုင်ရပါတယ်။ ဒီအကြောင်းပြချက်ကြောင့်လည်း အီတလီပြည်ထဲရေးဝန်ကြီးဟောင်းဖြစ်တဲ့ မစ္စတာဆယ်ဗေးနီဟာ ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ သင်္ဘောကို ကမ်းကပ်ခွင့်မပြုတာ၊ အီတလီပိုင်နက်အတွင်း ဝင်ခွင့်မပြုတာ၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာရင် ဒဏ်ရိုက်တာတွေ လုပ်ဆောင်ပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ခဲ့တာပါပဲ။ အခုဥရောပသမဂ္ဂက အသစ်ပြုလုပ်မယ့် သဘောတူစာချုပ်မှာတော့ သီးခြားစီ ဆွေးနွေးညှိနှိုင်းမှုတွေကို ရှောင်ရှားမယ်လို့ မျှော်လင့်ထားကြပါတယ်။ အစည်းအဝေးမစခင် အစောပိုင်းနေ့ရက်တွေမှာတော့ ဒုက္ခသည်တွေဟာ သင်္ဘောပေါ်ကဆင်းဆင်းချင်း အနီးစပ်ဆုံး လုံခြုံစိတ်ချရတဲ့ ဆိပ်ကမ်းမှာ ဆင်းသက်ရမယ်ဆိုတဲ့အချက်ကို လက်မခံနိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီစိတ်အချရဆုံး ဆိပ်ကမ်းဆိုတာက ဂရိ၊ အီတလီနဲ့ မော်လ်တာ နိုင်ငံတို့ ဖြစ်နေကြလို့ပါပဲ။ ဒါကြောင့်မို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကလည်း အလှည့်ကျစနစ်နဲ့ သူတို့ရဲ့ဆိပ်ကမ်းတွေကို လမ်းဖွင့်ပေးထားသင့်တယ်လို့ ယူဆကြပါတယ်။

အပြုသဘောဆောင်တဲ့ခြေလှမ်း

ရွှေ့ပြောင်းအခြေချနေထိုင်မှုပြဿနာကို ဖြေရှင်းမယ်ဆိုရင် အမျိုးသားရေးဆိုင်ရာ လှုံ့ဆော်ရန် ဆွပေးခြင်းမျိုးမဟုတ်ဘဲ ဥရောပနိုင်ငံတွေဟာ ပူးပေါင်းပြီး အဖြေရှာရမှာပဲ ဖြစ်တယ်လို့ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း အီတလီအစိုးရသစ်နဲ့ ရောမမြို့မှာ တွေ့ဆုံစဉ်အတွင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောကြားခဲ့ပါတယ်။ ယခု အီတလီ အစိုးရအသစ်ကတော့ ဗဟိုလက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီနဲ့ ဖိုက်စတားလှုပ်ရှားမှု ပါတီတို့နဲ့ မဟာမိတ်ဖြစ်ပြီး အရင်အီတလီအစိုးရထက်စာရင် ဥရောပသမဂ္ဂကို ပိုပြီး လိုလားတဲ့သဘော ရှိပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအပြီးမှာတော့ အီတလီဝန်ကြီးချုပ် မစ္စတာကွန်တီက အခုသဘောတူညီချက်ကို အပြုသဘောဆောင်တဲ့ ခြေလှမ်းဆိုပြီး လက်ခံခဲ့ပါတယ်။ နောက်ပြီး မြေထဲပင်လယ်ကို ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်းအခြေခ ျနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေကို အီတလီကပဲ လက်ခံရတာမျိုးမဟုတ်တဲ့ နည်းလမ်းရှာဖွေဖို့ကိုလည်း ပြောခဲ့ပါတယ်။

ဆွေးနွေးမှုတွေပြုလုပ်

လွန်ခဲ့တဲ့သီတင်းပတ်အတွင်း အီတလီဝန်ကြီးချုပ်ကွန်တီနဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ တွေ့ဆုံကြရာမှာတော့ သူတို့နှစ်ဦးသားဟာ ဒုက္ခသည်များ ဆိပ်ကမ်းကိုကပ်တာနဲ့ ပြင်ဆင်ခွဲဝေပေးတာ၊ နေရပ်ပြန်ပို့တာတွေ လုပ်ဆောင်ဖို့အတွက် ထိရောက်မယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အီတလီ၊ ဂရိနဲ့မော်လ်တာ နိုင်ငံတို့ကပဲ ဒုက္ခသည်တွေကို ဦးစွာလက်ခံနေပြီး ဒုက္ခသည်တွေကို မျှဝေတာကို လက်မခံဘူးလို့ ငြင်းဆန်နေကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေကိုလည်း ထိရောက်တဲ့ အပြစ်ပေးဖို့ မစ္စတာကွန်တီက တောင်းဆိုခဲ့ပါတယ်။ စစ်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကတော့ အနည်းငယ်သာဖြစ်ပြီး ကမ္ဘာပေါ်မှာ ရှိရှိသမျှလူတွေအတွက် အီတလီရဲ့ ဆိပ်ကမ်းတွေကို ဖွင့်ပေးထားရမယ်ဆိုရင် ဒါဟာရူးသွပ်မှုတစ်ခုပဲလို့ မစ္စတာကွန်တီက ပြောပါတယ်။

နောက်ထပ်ကြိုးပမ်းမှုတစ်ရပ်

ရွှေ့ပြောင်းဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး သဘောတူညီမှုအသစ်တွေ ချမှတ်ဖို့ကြိုးစားနေတဲ့အချိန်မှာ ဥရောပသမဂ္ဂဟာ နောက်ထပ်ကြိုးပမ်းမှုတွေ ထပ်လုပ်ခဲ့ပါတယ်။ အဲဒါကတော့ရွှေ့ပြောင်း အခြေချနေထိုင်သူတွေ ဥရောပကိုလှိမ့်ပြီး ဝင်မလာနိုင်အောင် ကြိုးစားတဲ့ လုပ်ရပ်ပါပဲ။ နိုင်ဂျာနဲ့ရဝမ်ဒါတို့မှာ ပြုလုပ်ထားသလို လစ်ဗျားမှာ အကဲဖြတ်ဆန်းစစ်ရေးစင်တာတွေ လုပ်ဖို့ပါပဲ။ နိုင်ငံရေးသမားတွေကတော့ ရွှေ့ပြောင်းအခြေချနေထိုင်သူ ပြဿနာရဲ့အဖြေဟာ အာဖရိကရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောကြပါတယ်။

ကမ္ဘာအနှံ့ နေရပ်စွန့်ခွာကြသူများ

ကမ္ဘာအနှံ့ နေရပ်စွန့်ခွာပြီး ပြောင်းရွှေ့လာကြတဲ့ ပမာဏကတော့ ရှိမြဲရှိနေဆဲပါပဲ။ ၂၀၁၈ ခုနှစ်အတွင်းမှာဆိုရင် နေ့စဉ်နေရပ်က နေရပ်စွန့်ခွာလာတဲ့လူ အရေအတွက်ဟာ ၃၅၀ဝ၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ရွှေ့ပြောင်း နေထိုင်သူ လူအရေအတွက်ဟာ ၇၁ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့တာပါ။ နေရပ်စွန့်ခွာလာကြသူတွေကတော့ တိုင်းပြည်အတွင်း အလွန်အမင်း ဆင်းရဲမွဲတေမှု၊ နိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်ပေါ်ရတဲ့တိုက်ပွဲများ၊ တိုင်းပြည်အခြေအနေ မငြိမ်သက်မှုများကြောင့် ထွက်ပြေးလာရတဲ့လူတွေပဲ ဖြစ်ပါတယ်။ ။

ကိုးကား -နယူးယောက်တိုင်းမ်