ရွှေ့ပြောင်းလုပ်သမားဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဆွေ၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးဆလိုင်းလှထွန်းတို့က အမှာစကားပြောကြားပြီး ထိုင်းနိုင်ငံအခြေစိုက် (FED)အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်မှ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ရွှေပြောင်းအလုပ်သမားများအတွက် ဆော့ဝဲလ် (Software) အသုံးပြုနည်းများကို သင်ကြားပြပေးခဲ့သည်။
အဆိုပါ အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံအခြေစိုက် (FED)အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး စေတုတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်ဖူးသူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုဝင်များ၊ စိတ်ပါဝင်စားသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၄၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)