ရောမ၊ ဧပြီ ၁၃

 

မြေထဲပင်လယ်ကိုဖြတ်၍ ရောက်ရှိလာသည့် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်မှာ များပြားလာသည့်အတွက် အရေးပေါ်အခြေအနေအဖြစ် အီတလီအစိုးရက ကြေညာခဲ့သည်။

 

ရွှေ့ပြောင်းနေထိုင်သူ အခြေအနေနှင့် ကိုက်ညီမှုမရှိဘဲ ရောက်ရှိလာသူများကို နေရပ် ပြန်ပို့နိုင်ရေးအတွက် အထူးလုပ်ငန်းစဉ်များ ချမှတ်သွားမည်ဟု ဧပြီ ၁၁ ရက်တွင် အီတလီ အစိုးရကပြောသည်။

 

နေရပ်ပြန်ပို့ရေးလုပ်ငန်းများ၊ အဆိုပါ လုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်းများအတွက် ယူရို ၅ သန်း (သို့မဟုတ်) အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ သန်းကို ခွဲဝေချထားကြောင်း အီတလီအစိုးရက ပြောသည်။ ဧပြီ ၁၁ ရက် အထိ မြေထဲပင်လယ်ကိုဖြတ်ကျော်၍ အာဖရိကနှင့် အခြားသောနေရာများမှ အီတလီနိုင်ငံသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူ ၃၁၀၀၀ ကျော်ရှိသည်ဟု အီတလီအစိုးရက ပြောသည်။

 

ပြီးခဲ့သည့်နှစ်ကနှင့် နှိုင်းယှဉ်လျှင် အဆိုပါအရေအတွက်မှာ လေးဆပို၍များပြားလာခြင်းဖြစ်သည်။

 

နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဖွင့်လှစ်ထားသည့် နေရာများတွင်လည်း ပြည့်ကျပ်နေပြီဟု အစိုးရကပြောသည်။ ရှည်လျားသည့် ကမ်းရိုးတန်းရှိသည့် အီတလီနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာသည့် သင်္ဘောများစွာ ရောက်ရှိလာကြသည်။

 

ဖေဖော်ဝါရီလအတွင်းကလည်း ရွှေ့ပြောင်းနေထိုင်သူ ၂၀၀ ခန့်ကို တင်ဆောင်လာသည့် သင်္ဘော တိမ်းမှောက်မှုကြောင့် လူအများအပြား သေဆုံးခဲ့ရသည်ဟု သိရသည်။

 

အင်န်အိတ်ချ်ကေ