ဝ ထ က လ သ (နတလ)

“The purpose of a pilot project is to test whether the new concept is worth pursuing and assess existing implementation strategies.” 
“ရှေ့ပြေးစီမံကိန်းဟူသည် အကြီးစားစီမံကိန်းများ ပြုလုပ်နိုင်ရန် အောင်မြင်နိုင်မည့် နည်းလမ်းများရှာဖွေရန်နှင့် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများကို ဖော်ထုတ်ရန်အတွက် ပုံစံတူလုပ်ငန်းငယ်များကို စတင်စမ်းသပ်ဆောင်ရွက်ခြင်း”ဟု အဓိပ္ပာယ်ဖွင့်ဆိုပေသည်။

စီမံကိန်းအများစုသည် ရှုပ်ထွေးလွန်းလှ၏။ မတူညီသော အပေါင်းအစပ်လည်း များလှ၏။ ကွဲပြားခြားနားသော အချက်အလက်များလည်း ရောပြွမ်းလျက်ရှိသည်။ စီမံကိန်းရေးဆွဲရာတွင် ရူပ ပထဝီ၊ ဘူမိဗေဒဖြစ်စဉ်များ၊ ဇလဗေဒဖြစ်စဉ်များ၊ ဒေသ၏ ကျောက် အမျိုးအစားများ၊ မြေဆီလွှာအခြေအနေများ၊ ရာသီဥတုဆိုင်ရာများ၊ မြေအသုံးချမှုများ၊ စီးပွားရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု များ၊ ဒေသတွင်းနေထိုင်သူတို့၏ ဓလေ့ထုံးစံအပြုအမူနှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို ထည့်သွင်းတွက်ချက်ရသည်။ ထို့ကြောင့် စီမံကိန်းကြီးများ ဆောင်ရွက်ရန်အတွက် အသေးစားစမ်းသပ်မှုများ ဆောင်ရွက်ရန် လိုအပ်ပေသည်။

အသေးစားစမ်းသပ်မှုတစ်ခုပင် ဖြစ်သော်ငြားလည်း ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်ရန်အတွက် အချိန်၊ ငွေကြေးနှင့် အခြားအရင်းအမြစ်များ များစွာရင်းနှီးမြှုပ်နှံရသည်။

မျက်မှောက်ခေတ်တွင် ခေတ်မီလမ်းမကြီးများ၊ ခိုင်မာသော တံတားကြီးများ၊ ပေါ်လွင်ခံ့ထည်သောမြို့ပြများ၊ စိုက်ပျိုးရေး အတွက်အားထားရသည့် ဆည်မြောင်းတာတမံများ၊ မြို့ပြ/ကျေးလက် မီးလင်းရေးလုပ်ငန်းများ၊ ကောင်းမွန်လာသည့် ဆက်သွယ်ရေးစနစ်များကို စာရေးသူတို့ ထိတွေ့အကျိုးခံစားနေကြရသည်။

ဤကဲ့သို့ ဖြစ်ပေါ်လာခြင်းသည် တစ်ရက်တည်းနှင့် ပေါ်ပေါက်လာခြင်းတော့ မဟုတ်ခဲ့ပေ။ တန်ခိုးရှင်များ ဖန်တီးခဲ့ခြင်းလည်း မဟုတ်ပေ။ ခေတ်အဆက်ဆက် စိန်ခေါ်မှုမျိုးစုံ၊ ပေးဆပ်မှုမျိုးစုံတို့ဖြင့် အဆင့်ဆင့် မျိုးစေ့ချလက်ဆင့်ကမ်းကြိုးစား၍ အကောင်အထည်ဖော်ခဲ့ခြင်းများကြောင့်သာ ယခုကဲ့သို့ အသီးအပွင့်များကို ခံစားနေကြရခြင်း ဖြစ်ပေသည်။ သို့သော် ပထမဆုံးသောခြေလှမ်းများ စတင်ခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုတော့ အများစုက သိရှိနိုင်ကြမည် မဟုတ်ပေ။ လက်ရှိ ဆက်လက်အကောင်အထည်ဖော်ပေးနေသော အဖွဲ့အစည်းများကိုသာ မြင်သာထင်သာ သိရှိနိုင်ကြပေလိမ့်မည်။

မြန်မာ့သမိုင်းကြောင်းတွင် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက် တည်ငြိမ် အေးချမ်းသာယာရေးအတွက် ကဏ္ဍအသီးသီး၌ ပထမဆုံးခြေလှမ်းများကို စတင်မျိုးစေ့ချပေးခဲ့သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အများအပြားရှိခဲ့သည်။

မင်းမြတ်အနော်ရထာ၏ Pilot Project များ

ခေတ်သစ်သမိုင်းပညာရှင်များက မှေးမှိန်ယိမ်းယိုင်နေသော ထေရဝါဒဗုဒ္ဓသာသနာကို သီဟိုဠ်ကျွန်းနှင့် အရှေ့တောင်အာရှတို့တွင် တည်တံ့ခိုင်မြဲအောင် ကာကွယ်ပေးခဲ့သူမှာ အနော်ရထာဘုရင်ဖြစ်သည် ဟု ဆိုကြသည်။
မင်းမြတ်အနော်ရထာသည် ၄၂ ဆက်မြောက် ပုဂံမင်းဆက် ဖြစ်၏။ ခရစ်နှစ် ၁၀၄၄ ခုမှ ၁၀၇၇ ခုအထိ ၃၃ နှစ်တိုင် နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ထိုကာလအတွင်း နိုင်ငံကို တိုးတက်အောင်၊ ကျယ်ပြန့်အောင်၊ စည်းရုံးအောင်၊ သာယာဝပြောအောင်နှင့် ယဉ်ကျေး မှုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်  တည်ငြိမ်ရေးအတွက် တောက်ပသော အနာဂတ်များရရှိနိုင်စေရန် မင်းမြတ်အနော်ရထာသည် မိမိသွေးသားများကိုပင် စတေးပေးဆပ်ခဲ့ရသည်။

အနော်ရထာနှင့် စုက္ကတေးသည် အဖေတူ အမေကွဲ ဝမ်းကွဲ နောင်တော်၊ ညီတော်ဖြစ်၏။ ထိုအချိန်က အနော်ရထာသည် ပုဂံနန်းကျဘုရင် ကွမ်းဆော်(ကြောင်ဖြူမင်း)၏ သား၊ စုက္ကတေးသည် ပုဂံဘုရင်ဖြစ်၏။ အနော်ရထာနှင့် စုက္ကတေးတို့သည် သမထီး ချောင်းဘေး၌ မြင်းစီးချင်းတိုက်ခဲ့ကြသည်။ စီးချင်းတိုက်ပွဲ၌ အနော်ရထာ အနိုင်ရခဲ့သည်။ ထိုသို့ အနိုင်ရပြီးနောက်ပိုင်းမှသာ ကျည်စိုးနှင့် စုက္ကတေးညီနောင်လက်ထက်က ဖရိုဖရဲနှင့် ယိုင်နဲ့နေသော နိုင်ငံတော်ကို ပြန်လည်ထူထောင်နိုင်ခဲ့လေသည်။

မင်းမြတ်သည် နိုင်ငံစီးပွားရေးလုပ်ငန်း၏ အဓိကသော့ချက်မှာ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် ရေသည် အဓိကကျကြောင်း သိရှိခဲ့သည်။

ထို့ကြောင့် အနော်ရထာမင်းသည် မိတ္ထီလာကန်ကို ပြုပြင်ခဲ့သည်။ မိုးနည်းသောဒေသများတွင် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများ ဖောက်လုပ်ခဲ့သည်။ ပန်းလောင်မြစ်မှ ကင်းတားဆည်၊ ငနိုင်းသင် ဆည်၊ ပြောင်းပြာဆည်၊ ကူမဲဆည်တို့ကို ဆည်ဖို့သည်။ ဇော်ဂျီ(မက္ခရာ)မြစ်မှာ နားတက်ဆည်၊ ကွမ်းဆေးဆည်၊ ကူတော်ဆည်တို့ကို ဆည်ဖို့သည်။ ထို့ပြင် ဆည်ရေသောက်လယ်တွင်း ၁၁ ရွာကိုလည်း ပြုစုတော်မူခဲ့သည်။

ဤကျေးဇူးကြောင့် ပုဂံပြည်သားတို့သည် လယ်၊ ယာ၊ ကိုင်း၊ ဥယျာဉ်တို့ လုပ်ကိုင်နိုင်ခဲ့ကြသည်။ စပါး စသောသီးနှံမျိုးစုံ အမြောက် အမြားထွက်အောင် ရာသီအလိုက်စိုက်ကြသည်။ အောင်မြင်သဖြင့် စားစရာ၊ သောက်စရာ၊ ချိုချဉ်အရသာမျိုးစုံ ဖောဖောသီသီ ရကြလေသည်။ ပုဂံသားတို့ စီးပွားရေး အထူးကောင်းမွန်လာကြလေသည်။ 

အင်အား ခိုင်မာတောင့်တင်းသော၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ပုဂံတပ်မတော်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။ ဖွဲ့စည်းရာ၌ လက်အောက်ခံ ရွာ၊ မြို့၊ ခရိုင်တို့၏ အင်အားကိုလိုက်၍ စစ်သည် အင်အားအချိုးကျပါဝင်စေသည်။ အရေးကြုံသောအခါ ခေါ်ယူနိုင်သော အရန်အင်အားများထားရှိသည်။ တကွဲတပြားစီဖြစ်‌နေသော နယ်ပယ်များကို သိမ်းသွင်းနိုင်ခဲ့သည်။

အနော်ရထာ နန်းတက်စက ပုဂံပြည်၏ အကျယ်အဝန်းသည် မြန်မာနိုင်ငံ၏အလယ်ပိုင်းဒေသ တစ်ဝိုက်မျှသာ ဖြစ်သော်လည်း မြန်မာနိုင်ငံအောက်ပိုင်းကိုသာမက သထုံ၊ တနင်္သာရီ၊ ရခိုင်၊ ဗန်းမော်၊ မြစ်ကြီးနားဒေသတစ်ဝိုက်အထိ နယ်နိမိတ်ကျယ်ပြန့်လာခဲ့သည်။

သို့ဖြင့် အနော်ရထာလက်ထက်တွင် ပထမဆုံးအကြိမ် စည်းရုံး၍ အင်အားခိုင်မာတောင့်တင်းသော “ပထမမြန်မာနိုင်ငံတော်” ကို တည်ထောင်နိုင်ခဲ့သည်။ ထေရဝါဒဗုဒ္ဓသာသနာတော်နှင့် သန့်ရှင်းသော ယဉ်ကျေးမှုထွန်းကားအောင်လည်း ဆောင်ရွက်ခဲ့သည်။

သူ၏စီမံဆောင်ရွက်မှုများသည်ကား မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ပြေးစီမံကိန်းများဟုပင် ဆိုရပေလိမ့်မည်။

သူ၏ Pilot Project များသည်ကား အနာဂတ်နိုင်ငံတော်အတွက် ခွန်အားရှိလှသည့် ပထမဆုံးသော ခြေလှမ်းများဖြစ်သည်ဟုလည်း ယုံကြည်မိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)လမ်းမကြီး၏ Pilot Project များ 

ယခုအသုံးပြုနေသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) အဝေးပြေး လမ်းမကြီးများ၏ ရှေ့ပြေးစီမံကိန်း(pilot project) သည်လည်း ရှေးဘိုးဘွားမြန်မာမင်းများ လက်ထက်ကပင် စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာဘုရင်များလက်ထက်က ရှမ်းပြည်နယ်နှင့် ပြည်မဒေသများအကြား ကူးသန်းရောင်းဝယ် သွားလာရေးအတွက်လည်းကောင်း၊ စစ်ချီစစ်တက်သော စစ်လမ်းကြောင်းများအဖြစ် လည်းကောင်း၊ တောင်ကြားလမ်းများကိုသာ အသုံးပြုခဲ့ကြသည်။ ထိုအချိန်က နွားဝန်တင်များ သွားရာလမ်းများသာဖြစ်၏။

ထိုစဉ်က ပို့ဆောင်ဆက်သွယ်ရေးအတွက် ဧရာဝတီမြစ်ရေကြောင်း လမ်းသည် အဓိကဖြစ်ခဲ့၏။ ကုန်ပစ္စည်းများကိုဖလှယ်ရန် မြစ်ကမ်းမှ တောင်ပေါ်ဒေသများသို့ သွားလာရန် လမ်းကြောင်းများ လိုအပ်သည်။ ထို့ကြောင့်  မြင်းခြံဆိပ်ကမ်းမှတစ်ဆင့် ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ အုပ်ချုပ်ရေးနှင့် ဆက်သွယ်ရေးလမ်းဖောက်လုပ်ရန် ရည်ရွယ်ခဲ့ကြသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ ဆက်သွယ်သည့် မူလရှိပြီး လှည်းလမ်းမကြီးကို  မြင်းခြံမြို့မှစတင်ကာ စတက်မန်းခံတပ် (ညောင်ရွှေဒေသ)အထိ အဆင့်မြှင့်တင် ဖောက်လုပ်ခဲ့ကြသည်။ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့လုပ်ငန်းဌာန (Public Works Department) က တာဝန်ယူဆောင်ရွက်ခဲ့သည်။

၁၈၈၇ ခုနှစ် နှစ်ဦးပိုင်းမှစ၍ မူလရှိနေပြီးဖြစ်သော တောင်ကြားလမ်းကို လှည်းများသွားလာနိုင်သည့် ၁၆ ပေအကျယ်ရှိ မြေသားလမ်းအဖြစ် လမ်းတာချဲ့ခဲ့သည်။ 

ထိုလမ်းပိုင်းသည် “ကလော” သို့ ၁၈၉၁ ခုနှစ် ဖေဖော်ဝါရီလတွင် လမ်းပေါက်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ ထိုနှစ်အတွင်းမှာပင် နန့်ပန်တက် (Nampandet) တံတားလည်း ဆောက်လုပ်ပြီးစီးခဲ့သည်။

ကလောမှ ဟဲဟိုး၊ ရွှေညောင်နှင့် ညောင်ရွှေ- တောင်ကြီးအထိ ဆက်လက်လမ်း‌ဖောက်လုပ်ခဲ့ကြသည်။ ထို့ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လှည်းလမ်းမအရှည်မှာ မြင်းခြံမှ သာစည်အထိ ၇၁ မိုင် နှင့် သာစည်မှ တောင်ကြီးအထိ ၁၀၁ မိုင်ရှိသောကြောင့် စုစုပေါင်း ၁၇၂ မိုင်အရှည်ရှိသည်။
ဤလမ်းဖောက်လုပ်ရေးလုပ်ငန်း၏ Pilot Project အစောပိုင်း အဆင့်မှာ နွားဝန်တင်သွားလမ်းမျှသာဖြစ်လေ၏။ ထိုမှမြေသားလမ်း အဆင့် လမ်းတာချဲ့ခဲ့ပြီး‌နောက် ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်ခဲ့ကြသည်။ ထိုမှ ကတ္တရာလမ်းအဖြစ်သို့ ပြောင်းလဲခဲ့ကြခြင်းဖြစ်လေသည်။

ဤသို့ဖြင့် ယခုအချိန်တွင် ပြည်မနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆက်သွယ်သည့် တောင်ကြားလမ်းအဆင့်မှ နှစ်ပေါင်း ၂၀၀ ခန့် အဆင့်ဆင့်ပြုပြင်ရင်း လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် ခမ်းနားစွာရောက်ရှိခဲ့ပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် တွေ့မြင် နိုင်ကြပြီဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနသည်

ယနေ့ကာလတွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးကဏ္ဍများ၌ ရှေ့ပြေးစီမံကိန်းများစွာကို အကောင်အထည်ဖော်လျက်ရှိကြသည်။ ထို Pilot Project များစွာ အနက် “နယ်စပ်ရေးရာဝန်ကြီးဌာန” က အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့ပြေးစီမံကိန်းများလည်း ပါဝင်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၁၉၉၃-၁၉၉၄ ခုနှစ်မှစတင်၍ Border Line နှင့် ထိစပ်လျက်ရှိသည့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုအပ်နေသော ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး နှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ခြောက်ခုရှိ မြို့နယ် ပေါင်း ၁၆၉ မြို့နယ်၊ ကျေးရွာပေါင်း ၁၁၀၆၉ ရွာတို့ကို တာဝန်ယူ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိသည်။ ထိုဒေသများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို  နှစ်တို၊ နှစ်ရှည် စီမံကိန်းများ၊ ရှေ့ပြေးစီမံကိန်းများဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

ခေါင်လန်ဖူးလမ်းသည်လည်း Pilot Project

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသသည် ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေသည့် ဒေသများအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ ပူတာအို- မဂွေဇ- ခေါင်လန်ဖူးလမ်းသည် ၁၃၂ မိုင် ကျော်ရှည်လျားပြီး ခြေကျင်၊ လား၊ မြင်းများဖြင့် ၁၂ ရက်မှ ၁၃ ရက်ကြာ ပင်ပန်းဆင်းရဲစွာ သွားလာခဲ့ရသည့် ဒေသတစ်ခု ဖြစ်ခဲ့သည်။ 

ဤဒေသသည် ရာသီဥတုပြင်းထန်လှ၏။ တစ်နှစ်ပတ်လုံးလိုလို မိုးရွာသွန်းမှုများရှိ၏။ တော၊ တောင်၊ ချောက်၊ ထူထပ်၍ မတ်စောက် မြင့်မား၏။ မြစ်များ၊ ချောင်းများရေစီးကြမ်းတမ်းပြီး ဖြတ်သန်းရ ခက်ခဲလှ၏။ ထိုအခက်အခဲများကို ကျော်ဖြတ်လျက် ခေါင်လန်ဖူးမြို့သို့ ကားလမ်းပေါက်ပြီး မော်တော်ကားများ ရောက်ရှိလာရန်မှာ ဒေသခံတိုင်းရင်းသားများအတွက် အိပ်မက်သဖွယ်သာ ဖြစ်ခဲ့လေ၏။

ဒေသခံများသည် ထိုသို့သော မြင့်မားမတ်စောက်လှသည့် ဆန်းလွတ်ချက်တောင်ကြား အပါအဝင် တောင်စဉ်တောင်တန်းများနှင့် ခက်ခဲလှသည့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် နှစ်စဉ် စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ တပ်မတော်က ရဟတ်ယာဉ်များဖြင့် နှစ်စဉ်ထောက်ပံ့ပေးပို့ရသော ဒေသတစ်ခု ဖြစ်ခဲ့သည်။ ဒေသခံတိုင်းရင်းသားများ၏ ဘဝအိပ်မက်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လမ်းညွှန်ခဲ့သည်။ လမ်းညွှန်ချက်အပေါ်မူတည်ပြီး ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှုများဖြင့် ၂၀၁၅ ခုနှစ်မှစတင်၍ လမ်းဖောက်လုပ်ရေး ရှေ့ပြေးစီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ လေးနှစ်စီမံကိန်းဖြင့် အပိုင်းလေးပိုင်းခွဲကာ လမ်းဖောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အပိုင်း (၂) ၌ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၇၇၀၀ ကျော် ရှိသည့် မတ်စောက်သော ဆန်းလွတ်ချက်တောင်ကြားကို ဖြတ်သန်း ဖောက်လုပ်ခဲ့ရခြင်း၊ ကျောက်စွယ် ကျောက်ငုတ်များ ထူထပ်စွာတည်ရှိ ခြင်း၊ ရာသီဥတုကြမ်းတမ်းခြင်း၊ မြေအနေအထားမတ်စောက်ခြင်းများ အပြင် အပိုင်း(၃)၌လည်း ရေစီးကြမ်းသော မေခမြစ်ကို ခက်ခဲစွာ ဖြတ်သန်း၍ ယာဉ်/ယန္တရားများ၊ ဆောက်လုပ်ရေးပစ္စည်းများကို ပို့ဆောင်ရခြင်း စသည့်စိန်ခေါ်မှုမျိုးစုံကို တွေ့ကြုံခဲ့ရသော်လည်း အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့လေသည်။ 

နယ်စပ်ရေးရာဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ ဝန်ထမ်းများ၊ တပ်မတော်မှ မိုင်းဖောက်ခွဲရေး ကျွမ်းကျင်စစ်သည်များ၊ ဒေသခံ ပြည်သူများပူးပေါင်း၍ မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် လမ်းဖောက်လုပ်ရေးလုပ်ငန်းများကို ရာသီဥတုမရွေး ရသမျှအချိန်ကို အကျိုးရှိစွာ အသုံးချဆောင်ရွက်ခဲ့ကြသည့်အတွက် “အိပ်မက်လမ်း” ဟု တင်စား ခေါ်ဆိုကြသည့် မဂွေဇ-ခေါင်လန်ဖူးလမ်းသည် စတင်ဖောက်လုပ်ချိန်မှ လေးနှစ်နှင့် ရှစ်လအကြာ ၃- ၉- ၂၀၂၁ ရက်နေ့တွင် ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုးလမ်း အောင်မြင်စွာပေါက်ကာ မော်တော်ကားများ စတင်ရောက်ရှိခဲ့ပေပြီ။ ရှေ့ပြေးစီမံကိန်းကား အောင်မြင်ခဲ့ပေပြီ။

အောင်ပွဲဆိုသည်မှာ စွဲစွဲမြဲမြဲ လုပ်ဆောင်ရသူများနှင့်သာ သက်ဆိုင်သည်။ ဤလမ်းဖောက်လုပ်ရေးလုပ်ငန်းသည် ကြီးကြပ်ကွပ်ကဲသူ၊ မြေပြင်တာဝန်ထမ်းဆောင်ရသူများ၏ စိတ်အားတက်ကြွမှုများကြောင့် အတားအဆီးများစွာကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ မဂွေဇ - ခေါင်လန်ဖူးလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များကို အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ မကြာမီကာလတွင် ကျောက်ခင်းလမ်း အဆင့်ပြီးမြောက်တော့မည် ဖြစ်သည်။ မေခမြစ်ကူး ရီဒမ်းတံတား ပြီးစီးချိန်တွင်တော့ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ရှေ့ပြေးစီမံကိန်း Pilot Project အဖြစ် စတင်အကောင်အထည်ဖော်ခဲ့သော မဂွေဇ- ခေါင်လန်ဖူး လမ်းသည် တစ်ချိန်တွင် ဒေသခံများအတွက် ပိုမိုကောင်းမွန်သော နိုင်လွန်ကတ္တရာလမ်းမကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

လမ်းမကြီးနှင့်အတူ ဒေသဖွံ့ဖြိုးမှုများလည်း ရရှိလာပေလိမ့်မည်။ ဖွံ့ဖြိုးမှုရရှိပါမှ စိမ်းညို့သောတောင်တန်း၊ စိမ်းလန်းသောတော၊ စိမ်းစို သော အနာဂတ်တို့နှင့်အတူ တိုင်းရင်းသားတို့ဒေသသည် ပိုမိုလှပလာ ပေလိမ့်မည် ။ 

ဆိုလာစနစ်ဖြင့် ချောင်းရေတင်ခြင်း Pilot Project များ

စိုက်ပျိုးရေကိုအားထားရသော တောင်သူများအတွက် ရာသီမ‌ရွေး ရေရရှိရန် လိုအပ်သည်။ မြစ်ရေ၊ ချောင်းရေများကို ဆိုလာရေတင် စနစ် အသုံးပြု၍ စိုက်ခင်းများသို့ တိုက်ရိုက်‌ရေသွင်း စိုက်ပျိုးခြင်း (သို့) ရေလှောင်ကန်များမှတစ်ဆင့် ‌ရေသွင်းစိုက်ပျိုးခြင်း ပြုလုပ်နိုင် လျှင် သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ထိုအခါ တောင်သူများသည် စိုက်ပျိုးရေးမှ ဝင်ငွေပိုမိုရရှိကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်၏။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် တောင်ကုန်းတောင်တန်းများ ပေါများပြီး စိုက်ပျိုးမြေဧရိယာနည်းပါးသော ဒေသဖြစ်သည်။ ရာသီဥတုအပေါ်မူတည်၍ သီးနှံများစိုက်ပျိုးရခြင်းကြောင့် ကောက်ပဲ သီးနှံထွက်ရှိမှုနည်းပါးကာ မိသားစုဝင်ငွေနည်းပါးကြသည်ကို တွေ့ရှိရ သည်။ ထိုကဲ့သို့သောဒေသများအတွက် ရာသီပေါ်ကောက်ပဲသီးနှံများ ကို သီးထပ်၊ သီးညှပ် (သို့) နှစ်သီးစား၊ သုံးသီးစားအဖြစ် ထပ်တိုးစိုက်ပျိုး နိုင်ပါမှ တိုင်းရင်းသားတောင်သူများ သီးနှံအထွက်တိုးပြီး မိသားစု ဝင်ငွေ ပိုမိုရရှိနိုင်ပေမည်။ စိုက်ပျိုးရေးကို အလေးထားရသော ဒေသခံ တို့၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ကောင်းမွန်စေမည်ဖြစ်သည်။ ထိုသို့ ရာသီမရွေးကောက်ပဲသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုး ရေရရှိရန် အဓိကလိုအပ်သည်။ မြစ်ရေ/ ချောင်းရေများကို ပိတ်ဆို့သွယ်ယူခြင်း၊ သိုလှောင်ကန်များအတွင်းသို့ ရေတင်သိုလှောင်ပြီး ရေဖြန့်ဝေပေးခြင်းတို့ဖြင့် ရာသီမရွေး စိုက်ပျိုးရေအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးရန် လိုအပ်သည်။ 

ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆိုလာ‌ရေတင်စိုက်ပျိုး ရေး Pilot Project များကို ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် နမ့်စန် မြို့နယ်၊ ပင်းတယခရိုင်၊ ဟိုပုံးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်နှင့် ဆီဆိုင်မြို့နယ်တို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဟိုပန်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ လားရှိုးမြို့နယ်နှင့် မိုင်းရယ်မြို့နယ် များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုင်းပျဉ်း မြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့တွင် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ 

ယခုအခါ ထိုဒေသများတွင် ဆောင်ရွက်ခဲ့သည့် ဆိုလာရေတင်စနစ် Pilot Project များ အောင်မြင်ပြီး ရာသီမရွေး ရေကိုအလုံအလောက် ရရှိနေပြီဖြစ်သဖြင့် နွေရာသီတွင်ပင် ရေတဖွေးဖွေးနှင့် စိမ်းစိုသော စိုက်ခင်းမြေတို့ဖြင့် ဒေသခံများ ပျော်ရွှင်နေကြပေပြီ။ မြန်မာနိုင်ငံ တစ်နံတစ်လျား ရေတင်စိုက်ပျိုးရေးလုပ်ငန်းများကို ပြည်နယ်/တိုင်းအနှံ့ ဆောင်ရွက်ပေးနိုင်ပါက တောင်သူလယ်သမားများအတွက် အကျိုးပြုအားထားရသော စနစ်တစ်ခု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာမည်ဟုလည်း ယုံကြည်မိသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အဆိုပါဆိုလာစနစ်ဖြင့် ‌ရေတင်စိုက်ပျိုးရေး Pilot Project များအတွက် ရန်ပုံငွေကျပ် ၂၉၄ ဒသမ ၆၃၅ သန်းသုံးစွဲခဲ့ပြီး အကျိုးပြုသော စိုက်ပျိုးမြေဧကပေါင်းမှာ ၃၀၄ ဒသမ ၅ ဧကဖြစ်သည်။ 

ဆက်လက်ပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ဆိုလာရေတင်စနစ် စိုက်ပျိုးရေး Pilot Project များ ဆက်လက်အကောင်အထည်ဖော်ပေးသွားမည်ဖြစ်သည်။

အတ္တကင်းသော Pilot Project များ

စီမံကိန်းများ အကောင်အထည်ဖော်‌ ဆောင်ရွက်ကြရာတွင် ပန်းတိုင်သို့ ဖြောင့်ဖြူးချောမောစွာ ရောက်ရှိအောင်မြင်မှုများရှိသလို မအောင်မြင်မှုများလည်း ရှိနိုင်သည်။

အကောင်းနှင့် ကြုံတွေ့သလို အဆိုးနှင့်လည်း ကြုံတွေ့ကြရမည် ဖြစ်သည်။ အောင်မြင်မှု၏ သော့ချက်၊ အခြေခံအုတ်မြစ်တွင် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အဓိကကျလှပေသည်။

Pilot Project များသည် အခြေခံမှစ၍ ကြိုးစားအားထုတ်ရခြင်း ဖြစ်သဖြင့် အခက်အခဲများ၊ ဆုံးရှုံးမှုများ ရင်ဆိုင်ကြရမည်ဖြစ်သည်။ ရုတ်တရက် နေ့ချင်း၊ ညချင်း အောင်မြင်ခဲ့သောစီမံကိန်းများ ရှားပါးပါလိမ့်မည်။ စီမံကိန်းစတင်အကောင်အထည်ဖော်သူတို့သည် မဆုတ် မနစ်သော ဇွဲသတ္တိမျိုးဖြင့် ကြိုးစားခဲ့ကြရသည်။ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသော်လည်း ထက်သန်သော စေတနာ၊ မလျော့သော ဇွဲလုံ့လဖြင့် အချိန်၊ ငွေကြေး၊ အသက်၊ အခြား အရင်းအမြစ် စသည့် ပေးဆပ်မှုမျိုးစုံကို စတေးကာ ကြိုးစားခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ Pilot Project များကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ကြသူများအား ဦးဆောင်လမ်းထွင်သူ (Pioneer)များဟု အသိအမှတ်ပြုကြရပေမည်။

ယနေ့ အောင်မြင်စွာဖြစ်ပေါ်နေသည့် စီမံကိန်းများ၊ လုပ်ငန်းကဏ္ဍ များသည် Pilot Project စီမံကိန်းများဖြင့် ရှေ့ပြေးစတင်ခဲ့ခြင်းသာ ဖြစ်သည်။ အကောင်အထည်ဖော်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ ရှေးမြန်မာ မင်းများ၊ ဘိုးဘေးများ၊ အဖွဲ့အစည်းများ၏ကျေးဇူးကား အနန္တရှိလေ ၏။ သူတို့ကား ကွယ်လွန်ခဲ့သည်မှာ ကြာခဲ့ပြီ၊ သို့ရာတွင် သူတို့အမည်၊ သူတို့စိတ်ဓာတ်၊ သူတို့၏ကျေးဇူးတို့ကားမပျယ်၊ သင်းပျံ့ဆဲပင် ဖြစ်လေသည်။

“ဤနေရာ၊ ဤဒေသတို့တွင် ဖွံ့ဖြိုးတိုးတက်လာမည်၊ စည်ပင် သာယာဝပြောလာမည်၊ နိုင်ငံသားတို့ ပျော်ရွှင်ခံစားကြရသည့် အကျိုး/အမြတ်၊ အသီးအပွင့်များ ဖြစ်ပေါ်လာမည်ကို ကြိုတင်သိရှိ မျှော်မှန်း ခဲ့ပါသလား” ဟု တစ်ချိန်က ကောင်းသောမျိုးစေ့ချပေးခဲ့သူများအား နှိုး၍ မေးကြည့်ချင်သည်။ 
သူတို့ ဤသို့ ဖြေပေလိမ့်မည်။ “ မိမိတို့သည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်ခင်မြတ်နိုး တန်ဖိုးထားသည်။ ဒေသများအားလုံး တည်ငြိမ် အေးချမ်းစေချင်သည်၊ နိုင်ငံတော်ကို ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက် စေချင်သည့်အတွက် အတ္တကင်းသောနှလုံးသားမှ ယိုစိမ့်ကျလာသည့် မေတ္တာ၊ စေတနာ၊ ကရုဏာဖြင့် ကဏ္ဍအသီးသီးမှ စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ကြခြင်းသာဖြစ်သည်”ဟု သစ္စာစကားကို တညီတညွတ်တည်း ဖြေကြားပေလိမ့်မည်ဟု ယုံကြည်မိပါတော့သည်။  ။