မလှိုင် ၁၃ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ရေငံအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာရှိ ရွှေပေါ်ကျွန်းသာသနာပြုစခန်းအတွင်း ယမန်နေ့ နံနက် ၇နာရီခွဲခန့်က ပဓာနဆရာတော်နှင့် လူအချို့အားရိုက်နှက်၍ ကျောင်းပိုင်ပစ္စည်းများဖျက်ဆီးသူ ၁၀ဝ ကျော်အား ပုဒ်မ (၇)ခုဖြင့် အမှုဖွင့်ထားကြောင်း နှောကန်နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ရွှေပေါ်ကျွန်းသာသနာပြုစခန်းအတွင်းရှိ ပဓာနဆရာတော် ဦးကုမာရ၏ ကျောင်းတိုက်ရှေ့တွင် ဦးအောင်စိုး၊ ဦးကျော်သန်း၊ ရန်လင်းအောင်၊ ဦးကျော်သင်း၊ ဦးချစ်ကိုကိုနှင့်အတူ ရှိနေစဉ် ရွှေပေါ်ကျွန်းကျေးရွာနေ ထွန်းဦး(၄၀)နှစ်ပါ အမျိုးသမီး အမျိုးသား (၁၀ဝ)ကျော်တို့မှ တုတ်၊ လေးခွ၊ သံတုတ်နှင့် ခဲများဆောင်ထားပြီး ခဲများဖြင့်ပစ်ပေါက်၍ ကျောင်းဝန်းသံတံခါးအား တွန်းဖွင့်ဝင်ရောက်လာပြီး ဦးအောင်စိုးနှင့်အဖွဲ့အား တုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ရာ ဒဏ်ရာများရရှိခဲ့သည်။ ထို့ပြင် အမျိုးသမီး အမျိုးသား ၁၀ဝ ကျော်အနက်မှ အဆိုပါရွာနေ မကြည်ခွေး ခေါင်းဆောင်သော အမျိုးသမီးအဖွဲ့မှ ကျောင်းဝန်းအတွင်း ထပ်မံဝင်ရောက်၍ ဆရာတော်အား ကျောင်းအပြင်ဆွဲထုတ်ပြီး ရိုက်နှက်ခဲ့သဖြင့် ဆရာတော်တွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းပိုင် ပါရာဒိုအမျိုးအစား မော်တော်ယာဉ်မှာလည်း ခဲထိမှန်ခဲ့ပြီး ဆရာတော်သတင်းသုံးနေထိုင်သည့် ကျောင်းဆောင်ကျွန်းတံခါးနှင့် သော့တို့အား ရိုက်ချိုးဖျက်စီးခဲ့ကြောင်း၊ ဆရာတော်ပိုင် ငွေကျပ်သိန်း ၂၃၀နှင့် လက်ကိုင်ဖုန်းများလည်း ယူဆောင်သွားခဲ့သဖြင့် ထွန်းဦးပါ အမျိုးသားအမျိုးသမီး ၁၀ဝ ကျော်တို့အား အရေးယူပေးပါရန် ပဓာနဆရာတော်၏ တူဖြစ်သူ ဦးအောင်စိုးမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။
အဆိုပါအမှုအား နှောကန်နယ်မြေရဲစခန်းမှ ထွန်းဦးပါ အမျိုးသားအမျိုးသမီး (၁၂)ဦးနှင့် အမည်မသိ အမျိုးသားအမျိုးသမီး ၁၀ဝ ကျော်တို့ကို ဖမ်းဆီးနိုင်ရန ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘိုဘို(မလှိုင်)