ရန်ကုန် ဇွန် ၇

 

ရန်ကုန်မြို့ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် လုပ်သားအင်အား ၂၀၀၀ ကျော်ဖြင့် ရေထွက်ကုန်များကို နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

 

ရွှေပိတောက်ငါးဈေးသို့ ဝင်ရောက်လာသည့် ရေထွက်ကုန်များကို ရန်ကုန်မြို့နှင့် ဒေသအသီးသီးသို့ တင်ပို့ရာ၌ လုပ်သားအင်အားသည် အရေးပါလျက်ရှိရာ ရွှေပိတောက် ငါးဈေးသို့ လှိုင်၊ ကြည့်မြင်တိုင်၊ ဒလ၊ တွံတေး၊ အင်းစိန်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့မှ အလုပ်သမားများ နေ့စဉ်ကုန်တင်ကုန်ချ၊ ရေခဲရိုက်၊ ငါးပုံးရိုက်၊ ပို့ဆောင်ရေးနှင့် အရောင်းအဝယ်လုပ်ငန်းတို့၌ လုပ်ကိုင်ကြလျက်ရှိသည်။

 

“ရွှေပိတောက်ငါးဈေးက ငါးဒိုင်တစ်ခုမှာ အလုပ်သမားငါးဦးကနေ ရှစ်ဦးရှိမှသာ လုပ်ငန်းလည်ပတ်လို့ ရပါတယ်။ လုပ်သားငါးဦး၊ ပွဲစားတစ်ဦး၊ စာရေးနှစ်ဦး ထားပါတယ်။ ငါးဒိုင် ၁၀ ခုပိုင်ထားသူဆိုရင် လုပ်သားအင်အား ပိုများပါတယ်။ ဒိုင်လုပ်ငန်းရှင်နဲ့ လုပ်သားဆိုတာ အပြန်အလှန်ဆက်နွှယ်နေတာကြောင့် အရောင်းအဝယ်ကောင်းရင် လုပ်သားတွေ ငွေပိုရပြီး ဒိုင်အတွက်လည်း အဆင်ပြေသလို အရောင်းကျရင် နှစ်ဦးနှစ်ဖက် ဝင်ငွေနည်းတတ်ပါတယ်။ ဒါကြောင့် အလုပ်သမားမြဲအောင် အမြဲသတိထားပြီး သူတို့ရဲ့ စားဝတ်နေရေး အဆင်ပြေအောင် ဒိုင်ရှင်တွေက ဆောင်ရွက်ပေးရတာရှိပါတယ်။ ငါးဈေးမှာ ဆိုင်ခန်း ၄၃၀ ကျော်ရှိတဲ့အတွက် တစ်ရက်ကို အလုပ်သမား ၂၀၀၀ ကျော် အလုပ်အကိုင်ရနေကြပါတယ်”ဟု ရွှေပိတောက်ငါးဈေး၏ ဈေးသာယာရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအေးကိုက ပြောပြသည်။

 

သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်