ရွှေပြည်သာမြို့နယ်အတွင်း ရတနာပစ္စည်းများ ခိုးယူသွားသူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ရန်ကုန် ၂၄ မေ 


မေ ၈ ရက် ည ၇ နာရီခွဲတွင် ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်းကျေးရွာ၊ ညောင်ပင်သာလမ်းနေ ကို ------ သည် အမှတ်(၁)ရပ်ကွက်ရှိ SMART PALACE HOTEL၊ အခန်းအမှတ်(၃၀၃)၌ အမျိုးသမီး အဖော်ဖြစ်သူက ဘီယာခွက်အတွင်း အိပ်ဆေးခတ်ကာ ၎င်းပိုင်ပစ္စည်း ရွှေဟန်းချိန်း(၁)ခု၊ ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေကြုတ်(၁)ခု၊ နဝရတ်ကိုးသွယ် လက်စွပ်(၁)ကွင်း၊ ဖုန်း(၂)လုံးနှင့် ငွေ(၂၅၀ဝ၀ဝ)ကျပ်၊ စုစုပေါင်း တန်ဖိုးငွေ ၁၀၃၆၄၀ဝ၀ ကျပ်တို့အား ယူဆောင်သွားသဖြင့် ရွှေပြည်သာမြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းမှု ဖြစ်ပွားခဲ့သည်။ 

    
ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ် ပတ်ဝန်းကျင်အား စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် မချိုမင်းသူ ဖြစ်ကြောင်း၊ ၎င်းသည် မြဝတီမြို့သို့ တိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိရသဖြင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေးအတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    
အမှုမှ ပြစ်မှုကျူးလွန်သူ မချိုမင်းသူအား မြဝတီမြို့၌ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် စစ်ဆေးခဲ့ရာ သူငယ်ချင်းဖြစ်သူ သန္တာဗိုလ် မှ နေအိမ်သို့ လာရောက်၍ ဖုန်းနံပါတ်(၁)လုံးပေးပြီး အဆိုပါဖုန်းသို့ ဆက်ကာ ငွေခြူရန်ပြောဆိုသဖြင့် ဖုန်းဆက်ချိန်းဆိုကာ ကားလေးဂိတ်မှတ်တိုင်ရှိ လက်ဖက်ရည်ဆိုင်တွင် သန္တာဗိုလ်နှင့်အတူ (၃)ဦး တွေ့ဆုံခဲ့ကြကြောင်း၊ အဆိုပါဖုန်းပိုင်ရှင်မှ မုန့်ဖိုး (၈၀ဝ၀ဝ) ကျပ်ပေးမည်ဟုဆိုကာ လိုက်ခဲ့ရန် ပြောဆိုကြောင်း၊ သန္တာဗိုလ်မှ အိပ်ဆေးမှုန့်(၁)ထုတ် ပေးခဲ့ကြောင်း၊ စားပွဲဝိုင်းသို့ ရောက်သောအခါ ၎င်းအမျိုးသားနှင့်အတူ ဆိုင်ကယ်ဖြင့် လိုက်သွားခဲ့ရာ SMART PALACE HOTEL၊ အခန်းအမှတ် (၃၀၃)သို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ၎င်းအမျိုးသားမှ ဘီယာသောက်ချင်ကြောင်း ပြောဆိုရာ ဘီယာခွက်အတွင်း အိပ်ဆေးမှုန့်ခပ်တိုက်ကာ ၎င်းအမျိုးသားကိုယ်၌ ဝတ်ဆင်ထားသော ရတနာပစ္စည်းများ၊ ငွေကျပ် ၂၅၀ဝ၀ဝ နှင့် ဖုန်း(၂)လုံးတို့အား ယူဆောင်လာခဲ့ကြောင်း၊ 


ထို့နောက် ခင်ပွန်းဖြစ်သူ သောမတ်(စ်)နှင့် သန္တာဗိုလ် တို့အား ဆိုင်ကယ်ဖြင့် လာကြိုခိုင်းခဲ့ကြောင်း၊  ရတနာပစ္စည်းများအား ထုခွဲရောင်းချ၍ သန္တာဗိုလ်နှင့် ခွဲဝေယူခဲ့ကြကြောင်း၊ မချိုမင်းသူနှင့် ခင်ပွန်းဖြစ်သူ သောမတ်(စ်)တို့သည် မြဝတီမြို့တွင် အိမ်ငှား၍ ရှောင်ပုန်းနေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။


စစ်ဆေးပေါ်ပေါက်ချက်အရ ကျန်ရှိသက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး၊ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ သန္တာဗိုလ်အား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း နှင့် ပြစ်မှုကျူးလွန်သူ မချိုမင်းသူနှင့် ခင်ပွန်းဖြစ်သူ သောမတ်(စ်)တို့အား အမြန်ဆုံးတရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


MDN