ရန်ကုန် အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်နေပြည်သူ (၂၈၆၆)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ရွှေပြည်သာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ရွှေပြည်သာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၃)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၄)ခုရှိ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အိမ်ထောင်စုစာရင်း (၁၅၅၂)စုရှိ ရပ်ကွက်နေပြည်သူ (၂၈၆၆)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးပြီးဖြစ်ရာ ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများသို့လည်း ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်သွားမည် ဖြစ်ရာ ပြည်သူများ သိရှိနိုင်စေရန်အတွက် ဗီနိုင်းများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)