ရန်ကုန် ဒီဇင်ဘာ ၄
ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရွှေပြည်သာမြို့နယ်အတွင်းရှိဈေးများ၌ နေ့စဉ် ဈေးဝယ်ပြည်သူများအား စည်ပင်ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများက ရောဂါကာကွယ်ရေး အသိပညာပေးသိကောင်းစရာများကို လက်ကိုင် အသံချဲ့စက်ဖြင့် နှိုးဆော်လျက်ရှိကြောင်း ရွှေပြည်သာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများဖြစ်ကြသော ပတ္တမြားဈေး၊ နဝရတ်ဈေး၊ လှော်ကားရှိနီလာဈေး၊ အမိုးကြီးဈေး၊ သီရိမာလာဈေး၊ သံဒင်းဈေး၊ တံကူခြံဈေး၊ (၁၀) ရပ်ကွက်ဈေးနှင့် ငမောက်ဈေးတို့တွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်ဆေးဘေစင်များထားရှိပြီး စည်ပင်ဈေးဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်ဖြင့် ဈေးများအတွင်း သို့ လှည့်လည်နှိုးဆော်ရာတွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရန် တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာနေကြရန်နှင့် လက်ကိုစနစ်တကျ ဆေးကြောရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့အထိ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဉာဏ်ဟိန်း


