ရွှေပြည်သာမြို့နယ်တွင် လုယက်မှုများ ကျူးလွန်ထားသူ(၂)ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့

ရန်ကုန် ၄  မတ် 

 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ မိမိတိုင်းဒေသကြီးနယ်မြေအတွင်း ခိုးမှု၊ လုယက်မှုများ၊ လျော့နည်း ကျဆင်းရေး တွန်းအားပေး ဖမ်းဆီးအရေးယူဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ရွှေပြည်သာမြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်း စုံစမ်းဆောင်ရွက်နေစဉ် မတ် ၂ ရက်က  လုယက်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိသူ ဇင်မင်းဦး(ခ)မွှေးနီနှင့် ဇင်မင်းခန့်(ခ)ကျော်ကြီးတို့အား ရွှေပြည်သာမြို့နယ်၊ ၁၃ ရပ်ကွက်၊ မြောင်းမြလမ်းမပေါ်တွင် CANDA CZI-125 အမျိုးအစား ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသူ ရွှေပြည်သာမြို့နယ်နေသူများဖြစ်သည့် ဇင်မင်းဦး(ခ)မွှေးနီနှင့် ဇင်မင်းခန့်(ခ)ကျော်ကြီးတို့အား စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုံ(၁)စက်ရုံ(၁)ခုအနီး စက်ဘီးစီးနင်းလာသူ တစ်ဦးထံမှ HUAWEI-730 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း (၁)လုံး၊ ဖေဖော်ဝါရီလတွင် ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် စက်ဘီးစီးနင်းလာသူ တစ်ဦးထံမှ HONOR အမျိုးအစား ခဲရောင် လက်ကိုင်ဖုန်း (၁)လုံးတို့အား လုယူခဲ့ကြောင်း၊ ဇင်မင်းခန့်(ခ)ကျော်ကြီးအား ထပ်မံစစ်ဆေးခဲ့ရာ ၎င်းသည် ထွက်ပြေးတိမ်းရှောင်နေသူ ကိုကို(ခ)ကရင်နှင့်အတူ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ရွှေပြည်သာမြို့နယ်၊ ဘုရင့်နောင် လမ်းမကြီးပေါ်တွင် စက်ဘီးစီးနင်းလာသူ တစ်ဦးထံမှ SAMSUNG အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း (၁)လုံး၊ အမှတ်(၁)ရပ်ကွက်၊ စက်မှု(၁)လမ်းမကြီးပေါ် စက်ဘီးစီးနင်းလာသူ အမျိုးသမီးတစ်ဦးထံမှ HUAWEI အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်း (၁)လုံး၊ ဖေဖော်ဝါရီလတွင် အမှတ်(၂)ရပ်ကွက်၊ ရွှေပြည်သာကွေ့အနီး လမ်းလျှောက်နေသူတစ်ဦးထံမှ HUAWEI အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း (၁)လုံး၊ ဧပြီလတွင် ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်၊ သံချက်ဝန် ဦးညွန့်လမ်း၊ အထည်ချုပ်စက်ရုံအနီး စက်ဘီးစီးနင်းလာသည့် စုံတွဲတစ်တွဲထံမှ ရွှေဆွဲကြိုး(၁)ကုံးတို့အား လုယူခဲ့ကြောင်း  စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်သူ ဇင်မင်းဦး(ခ) မွှေးနီနှင့် ဇင်မင်းခန့်(ခ)ကျော်ကြီးတို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကာ ထက်ပြေးတိမ်းရှောင် နေသူ ကိုကို(ခ)ကရင်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများနှင့် စပ်လျဉ်း၍ ပိုင်ရှင်များ အနေဖြင့် ရွှေပြည်သာမြို့မရဲစခန်းသို့ သွားရောက်စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။

 

MDN