ဧရာဝတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရွှေပါရမီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ စေတနာထက်သန်စွာ ပါဝင်လှူဒါန်းသော အလှူရှင်များနှင့်အတူ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဟင်္သာတခရိုင် မြန်အောင်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၏ ဦးဆောင်မှု၊ တိုင်းကျန်းမာရေးဦးစီးဌာနနှင့် မြန်အောင်မြို့နယ် နယ်သူ/နယ်သားများ ပူးပေါင်းမှုုဖြင့် ဆောင်ရွက်သည့် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏ အကြိမ်(၄၀)မြောက် ကျန်းမာရေး အလှူတော် အခမဲ့ဆေးကုသမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် အ.ထ.က(၁) မြန်အောင်ကျောင်း မြို့နယ်အားကစားကွင်းရှိ ဆေးကုသမှုခံယူသူများ နားနေဆောင်ရှေ့တွင် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အ.ထ.က(၁) ကျောင်းခန်းမတွင် ဒုတိယပိုင်း အခမ်းအနားကို ဆက်လက်ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ မိမိတို့ဒေသအတွင်းမှ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူများပြားသဖြင့် ဧရာဝတီတိုင်း အတွင်း လာမည့်နှစ်တွင် နောက်တစ်ကြိမ် ဖြစ်နိုင်အောင် ကြိုုးစားသွားမည်ဖြစ်ကြောင်း၊ မြန်အောင်မြို့နယ်သူ၊ မြို့နယ်သားများ၏ ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ငန်းများကို ပြည်သူလူထုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် နာယကဆရာတော်အား လျှောက်ထားပြီး ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းအဖွဲ့နှင့် ပူးပေါင်း၍ ငွေကြေးမတတ်နိုင်သည့် ပြည်သူများအတွက်ရော၊ ငွေကြေး တတ်နိုင်သော်လည်း ရောဂါအမျိုးမျိုးကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကဲ့သို့သော မြို့ကြီးများသို့ သွားရောက်မကုသနိုင်သည့် ပြည်သူများ ကျန်းမာရေးအတွက် ငွေကြေးကုန်ကျမှုအရှိစေပဲ အချိန်ကုန် သက်သာစွာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားတွင် မြန်အောင်မြို့ ဆေးကုသရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စေတနာရှင်များက လှူဒါန်းသည့် ငွေကျပ် (၅၁၂) သိန်းကျပ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်၍ ဒေသဖွံ့ဖြိုးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေများကို ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဆေးဝါးလာရောက်ကုသမှု ခံယူသော ဒေသခံနှင့်မြို့နယ် အသီးသီးမှပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ပြီး နောက်ပဲနို့အာဟာရ တိုက်ကျွေးခြင်းများပြုလုပ်ခဲ့သည်။
မြန်အောင်မြို့နယ်တွင် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ ဒီဇင်ဘာ ၂၃ ရက်နေ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့ထိ မျက်စိရောဂါ၊ အထွေထွေ၊ ကလေး၊ သွားနှင့်ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုးအကြော၊ အထွေထွေခွဲစိတ်၊ သားဖွားနှင့်မီးယပ်၊ အရေးပြား စသည့်ရောဂါများကို ရောဂါကုဌာနတစ်ခုတွင် တစ်နေ့လျှင် ကုသသူဦးရေး ၈၀၀ ဦးရေနှုန်းခန့်ဖြင့် ကုသသွားမည်ဖြစ်ပြီး ဆေးကုသမှုခံယူသူများအား နေ့လယ်စာ ထမင်းဟင်းများ ကျွေးမွေးခြင်းနှင့် ဆေးဝါများကိုလည်း အခမဲ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဦးမိုး ( ပုသိမ် )