ခြူးစန္ဒီနွေ - ရေးသားသည်
လူတွေဟာ ရေရရှိဖို့အရေး တန်းစီစောင့်ဆိုင်းရတယ်။ သောက်ဖို့ရေတောင် ရှားနေတဲ့အချိန် ရေချိုးဖို့ ဆိုတာ မဖြစ်နိုင်တဲ့အနေအထားပါ။ ဟိုတယ်တွေမှာလည်း လာရောက်တည်းခိုသူတွေ ရေအသုံးပြုတာ ချွေတာကြဖို့ သတိပေးစာတွေ ကပ်ထားရပါတယ်။ ဒီအခြေအနေတွေအားလုံးကတော့ အိန္ဒိယနိုင်ငံရဲ့ ခြောက်ခုမြောက်အကြီးဆုံးမြို့ ဖြစ်တဲ့ ချန်နိုင်းမြို့မှာ ကြုံတွေ့နေရတဲ့ ရေရှားပါးမှုပြဿနာပါပဲ။
ရေရရှိဖို့လုံးပမ်းရ
အခုသီတင်းပတ်အတွင်းမှာပဲ စတုတ္ထရေလှောင်ကန်ရေ ခန်းခြောက်သွားတဲ့အခါမှာတော့ ရေရရှိဖို့ ဒေသခံတွေဟာ အပြင်းအထန် ကြိုးပမ်းကြပါတော့တယ်။ အခုချိန်အထိတော့ ရေအနည်းငယ် ရရှိနေ သေးပေမယ့် ဒါဟာလည်းဘယ်လောက် ကြာကြာခံနိုင်မှာလဲ။ အခုဆိုရင် ချန်နိုင်းမှာရှိတဲ့လူဦးရေလေး သန်းကျော်ခန့်ဟာ အစိုးရကဖြန့်ဝေတဲ့ ရေကားတွေပေါ်မှာပဲ လုံးဝမှီခိုနေရပါတယ်။ တချို့လူတွေ ကျပြန်တော့လည်း ပုဂ္ဂလိက ရေပေးဝေရေးကုမ္ပဏီတွေဆီက ဈေးကြီးပေးကာ ရေဝယ်ကြပြီး အိမ်ကို ရေသွယ်ကြပါတယ်။ တချို့လူတွေကျပြန်တော့လည်း ရေတွင်းကနေ ရေရမလားဆိုပြီး ကြိုးစားကြ ပြန်ပါတယ်။ ဒါပေမယ့် မြေအောက်ရေရဲ့ အရည်အသွေးဟာ နိမ့်ကျလွန်းပါတယ်။ အိန္ဒိယမြို့ကြီး တချို့မှာ ရေရှားပါးမှုဟာ ဖြစ်ပေါ်နေကျဖြစ်လို့ ရေကိုသိုလှောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ မုတ်သုံဝင်တာလည်း နောက်ကျတယ်။ ဒါကြောင့်လည်း မြို့ကြီးမှာ ရေရှားပါးတဲ့ ပြဿနာကြုံတွေ့ရတာပါ။
ရေစက်တိုင်းကို တန်ဖိုးထားပါ
စားသောက်ဆိုင်ငယ်လေးတွေဟာလည်း ဖိအားပေးမှုတွေကြောင့် ပိတ်လိုက်ရပါတယ်။ မြေအောက် ဘူတာရုံမှာ လည်း လေအေးပေးစက်တွေ အသုံးပြုတာကို ရပ်လိုက်ရပါ တယ်။ ဟိုတယ်တွေမှာလည်း ဧည့်သည်တွေအတွက် ရေကိုခွဲတမ်းနဲ့သာ ပေးပါတော့တယ်။ အာနန်ဒါလို့အမည်ရတဲ့ ဟိုတယ် လေးတစ်ခုက ကြီးကြပ်ရေးမှူးဖြစ်တဲ့ ပီချန်ဒရာဆက် ဟာကတော့ သူတို့ဟိုတယ်ကို လာတည်းတဲ့ ဧည့်သည်တွေကို ရေစက်တိုင်းကို တန်ဖိုးထားပါလို့ သတိပေးထားတယ်လို့ ပြောပါတယ်။ “ကျွန်တော် တို့အတွက် ဒီလိုပြောနေတာမဟုတ်ပါဘူး။ ရေလုံလုံလောက်လောက်မရှိလို့ ဟိုတယ်ပိတ်ပစ်ရတော့ မယ့်အရေးကနေ မနည်းရုန်းကန်နေရတာပါ”လို့ သူက ဆက်ပြောပါတယ်။
ရေရရှိဖို့မလွယ်ကူ
ရေဒီယိုမှာ သတင်းတင်ဆက်သူဖြစ်တဲ့ ဇိုဟာကတော့ အခုဆိုရင်မြို့မှာ ရေရှားပါးတဲ့ပြဿနာကို ကြုံတွေ့နေရတယ်။ ၁၀နှစ်တာကာလအတွင်းမှာ အခုနှစ်ဟာ မိုးမရွာတာ အကြာဆုံးနှစ်လို့ သူက ပြောပါတယ်။ အခုချိန်မှာရေဟာ အလွန်ဈေးကြီးနေပါတယ်။ ရေရဖို့အတွက် လူတွေဟာ ရူပီးထောင် နဲ့ချီပြီး သုံးလိုသူတွေရှိပေမယ့် ပိုက်ဆံမတတ်နိုင်ကြသူတွေ လည်းရှိပါတယ်။ ရှော့ပင်းစင်တာတွေက အများသုံးအိမ်သာ တွေမှာလည်းရေမရှိလို့ အခက်ကြုံရပါတယ်။ ကလေးနှစ် ယောက်အမေဖြစ်တဲ့ ပူနီသာကတော့ အစိုးရရေကားဆီကနေ ရေရဖို့ နှစ်ရက်တစ်ခါ မျှော်ရတယ်လို့ ပြောပါတယ်။ ကလေး တွေဟာ အခုဆိုရင် ကျောင်းလည်းမသွားနိုင်ဘူး။ ကောလိပ်လည်း မသွားနိုင်ဘူး။ မနက် ၁ နာရီကနေ ၂ နာရီအထိ ဗယ်လူဗာရင်ပြင်မှာ ရေပေးဝေတာကိုသွားပြီး စောင့်ဆိုင်း ရတယ်လို့ သူက ဆက်ပြောပါတယ်။ အရင်လကစပြီး ရေရှားပါးလာတာပါ။ ဒီနှစ်ပိုင်းအတွင်းမှာတော့ အဆိုးဆုံး ရေရှားပါးမှုပါပဲ။ တကယ်လို့များ လာမယ့်ရက်အတွင်းမှာ မိုးမရွာခဲ့ဘူး ဆိုရင် အခြေအနေပိုပြီး ဆိုးသွားနိုင်တယ်။ ရေဘုံဘိုင်တွေမှာလည်း ရေမရှိတော့ဘူးလို့ ဒေသခံတစ်ဦးဖြစ်သူ ရာဂျက်စ်ဟန်က ဘီဘီစီကို ပြောပါတယ်။ ရေအတွက်ဆိုရင် ချန်နိုင်းမြေအောက်ရေ ပေးဝေရေးနဲ့ ပုဂ္ဂလိကရေပေး ဝေရေးတွေကိုပဲ မှီခိုနေရတယ်လို့ သူက ဆက်ပြောပါတယ်။
ရေကြောင့်ပဋိပက္ခဖြစ်
ရေမရှိဘဲနေရတဲ့ အခြေအနေဟာ တကယ်ကိုပဲ ဆိုးရွား လွန်းလှပါတယ်။ ရေကြောင့်ဆူပူမှုတွေလည်း ဖြစ်လာတာမျိုး ရှိပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ Coimbatore မြို့မှာ ဆန္ဒပြမှု ဖြစ်ပေါ် ခဲ့ပါတယ်။ အဲဒီအတွက် လူပေါင်း ၅၅၀ ခန့် ဖမ်းဆီးခံခဲ့ရပါတယ်။ ရေသယ်ယာဉ်တွေမှာ ရေမရှိတဲ့အတွက် မြူနီ စီပယ်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဇွန် ၂၀ ရက်မှာတော့ ချန်နိ်ုင်းမြို့မှာ မိုးစတင်ရွာခဲ့ပါတယ်။ ရက်ပေါင်း ၁၉၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မိုးရွာတာဆိုပြီးလူတွေဟာ ဝမ်းပန်းတသာနဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေနေကြပါတယ်။ ဒီမိုးကြောင့် ရေလှောင်ကန်တွေကို ရေပြန်ဖြည့်ဖို့ မမျှော်လင့်နိုင်သေးပေမယ့် လူတွေ အပူသက်သာသွားတာကတော့ အမှန်ပါပဲ။ ရေလှောင် ကန်တွေမှာ ရေပြန် ပြည့်ဖို့ဆိုတာ နိုဝင်ဘာလမတိုင်ခင်အထိတော့ မျှော်လင့်လို့မရ သေးပါဘူး။
ရေကြောင့်ဖြစ်တဲ့ ရန်ပွဲ
ပြည်နယ်အစိုးရကနေ ချန်နိ်ုင်းမြို့နဲ့ အနီးပတ်ဝန်းကျင်မြို့ တွေကို ထရပ်ကားတွေနဲ့ ရေလိုက်လံဖြန့်ဝေ ပေးပါတယ်။ အဲဒီ ရေကို ရရှိဖို့အတွက် လူတွေထောင်နဲ့၊ ရာနဲ့ချီပြီး စောင့်ဆိုင်းနေကြရပါတယ်။ ဒါတွေအားလုံးဟာ တိုင်းပြည်နဲ့တစ်ဝန်း ခံစားနေရတဲ့ အပူလှိုင်းရဲ့ ရိုက်ခတ်မှုတွေပါပဲ။ နာမည် ကျော်မြို့ ကြီးတွေဖြစ်တဲ့ မွမ်ဘိုင်းတို့၊ ဒေလီမြို့တို့မှာပါ ရေတစ်စတစ်စ လျော့နည်းမှုတွေနဲ့ ကြုံတွေ့ နေရပါတယ်။ ချန်နိုင်းမြို့အတွင်းမှာဆိုရင် ရေကြောင့် အချင်းချင်းဖြစ်ရတဲ့ ရန်ပွဲငယ်လေးတွေလည်း ပေါ်ပေါက် လာပါတယ်။ အဲဒီထက်ပိုပြီးဆိုးရွားတဲ့ ဖြစ်ရပ်ကတော့ ရေသယ် လာတဲ့ထရပ်ကားကို အပိုင်စီးပြီး ယာဉ်မောင်းကို အန္တရာယ် ပြုတာမျိုးတောင်ရှိပါတယ်လို့ ရေထိန်းသိမ်းရေးဆိုင်ရာ အိန္ဒိယ အင်န်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ ဖို့စ်အဖွဲ့က ဥက္ကဋ္ဌဂျေရော့တီရှာ မာက ပြောပါတယ်။ အိန္ဒိယမှာ မိုးခေါင်မှုဆိုတာ မကြာခဏ ပေါ်ပေါက်လေ့ရှိတဲ့ ဖြစ်ရပ်တစ်ခုပါ။ မြို့ငယ်လေးတွေမှာ ရေပြတ်လပ် တာမျိုးတွေ ရှိပါတယ်။ မြို့ ကြီးတွေထဲမှာ ရေပြတ်လပ်သွား တာကတော့ ချန်နိုင်းမြို့က ပထမဆုံးပါပဲ။
ဆင်းရဲသူတွေရဲ့ ဒုက္ခ
ပုံမှန်အားဖြင့် မုတ်သုံဝင်ပြီး မိုးရွာတာကနေ ရေလှောင်ကန်တွေမှာ ရေပြန်ပြည့်ဖို့ စောင့်ရပါတယ်။ ဒါပေမယ့် ချန်နိ်ုင်းမှာတော့ ဇွန် ၁ ရက်ကစပြီး မိုးရွာသင့်နေပေမယ့် မိုးမရွာခဲ့ဘူးလို့ အိန္ဒိယမိုး လေဝသဌာနက ပြောပါတယ်။ မိုးရွာ မရွာ မသေချာတဲ့အတွက် စိုက်ပျိုးရိတ်သိမ်းမှုတွေမှာလည်း သွားပြီးထိခိုက်ပါတယ်။ နောက် ပြီးပြဿနာတစ်ခုကတော့ မြို့ကြီးတွေမှာ ၆၀ ရာခိုင်နှုန်းသော လူတွေဟာ တရားဝင်မဟုတ်တဲ့ ကျူးကျော်နေရာတွေမှာ နေထိုင်ကြတာဖြစ်ပြီး ချန်နိုင်းမြို့မှာဆိုရင် လူဦးရေ ၈၂၀ဝ၀ဝ ခန့်ဟာ ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်ကြတာပါလို့ ၂၀၁၇ ခုနှစ်က အစီရင်ခံစာအရ သိရပါတယ်။ ဝင်ငွေနည်းတဲ့မိသားစုတွေဖြစ်ကြတဲ့အတွက် ရေဝယ်သုံးဖို့ဆိုတာ လည်း မတတ်နိုင်တဲ့အတွက် မြေအောက်ရေကိုပဲ အဓိကမှီခိုနေကြရပါတယ်။ ရေပိုက်လိုင်းတွေကနေ တစ်ဆင့်လာတဲ့ မြေအောက်ရေဟာ မိလ္လာအညစ်အကြေးတွေပါ ရောထွေးနေတဲ့အတွက် သောက် သုံးဖို့ မသင့်တော်ဘူးလို့ ချန်နိုင်းမြို့ ခံတစ်ဦးဖြစ်တဲ့ အန်နက် က ပြောပါတယ်။ သူကတော့ အစိုးရရေသယ်ယာဉ်တွေက ဖြန့်ဝေပေးတဲ့ရေကိုပဲ နေ့စဉ်သွားယူတယ်လို့ ပြောပါတယ်။
ရေကိုတန်ဖိုးထားကြပါ
အစားအသောက်ဆိုင်ရာ ဘလော့ဂါတစ်ဦးဖြစ်တဲ့ အက်ခ်ရှေးကတော့ ရေမရှိဘဲနေရတဲ့ အခြေ အနေဟာ တကယ်ပဲခက်ခဲလှပါတယ်။ အခုဆိုရင် ပြဿနာတွေအများကြီးနဲ့ ကြုံတွေ့နေရတာ။ အရင်ကတော့ မြေအောက်ရေကို သုံးတယ်။ အခုကျတော့ ရေသယ်ယာဉ်တွေဆီက ရေဝယ်သုံး ရတာ အမေရိကန်ဒေါ်လာ ၅၀နဲ့ ၁၀ဝ ကြားမှာရှိတယ်။ ဒါဟာ ကျွန်တော့်အတွက်တော့ အလွန်ကို ဈေးကြီးလွန်းပါတယ်လို့ ပြောပါတယ်။ အပြင်ထွက်မယ်၊ စားသောက်ဆိုင်တွေ သွားမယ်ဆိုရင်လည်း သူတို့မှာ ရေမရှိပါဘူး။ လက်ဆေးဖို့အတွက် ပေးတဲ့ရေဟာလည်း မသန့်ရှင်းဘူး။ ဒါကြောင့်လည်း ရေကို တန်ဖိုးထားကြပါ။ ရေကိုချွေတာ ကြပါဆိုတဲ့အသိ လူတိုင်းမှာ ရှိလာဖို့ တတ်နိုင်သမျှ သတင်းစကားဖြန့်ဝေနေရတယ်လို့ အစားအသောက်ဆိုင်ရာ ဘလော့ဂါတစ်ဦးက ပြောပြပါ တယ်။ ။
ကိုးကား -ဘီဘီစီ၊ စီအင်န်အင်န်