၂၉ ဧပြီ

 

ကရင်ပြည်နယ်အတွင်းရှိ သဘာဝထုံးကျောက်လိုဏ်ဂူများအား ပြည်တွင်းခရီးသွားများထက် ပြည်ပမှလာရောက်လေ့လာသူ အများစုက ပိုမိုစိတ်ဝင်စားလျက်ရှိရာ ကရင်ပြည်နယ် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ ဖြိုးလာစေရေးအတွက် ဒေသတွင်းမီဒီယာများနှင့် ဒေသခံများ ပူးပေါင်းကာ တစ်ဖက်တစ်လမ်းမှ မီးမောင်းထိုးပြနေမှုအပေါ် ကရင်ပြည်နယ်အစိုးရအဖွဲ့ကလည်း လိုအပ်ချက်များကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကရင်ပြည်နယ်၏ခရီးသွားလုပ်ငန်းမှာ နှစ်အနည်းငယ်အတွင်း တစ်ဟုန်ထိုးမြင့်တက်လာသည်ကို မြင်တွေ့နေရသည်။

 

2

 

ကရင်ပြည်နယ်အတွင်း တန်ခိုးကြီး ဘုရားစေတီများနှင့် သမိုင်းဝင်ဂူ အမြောက်အမြားရှိသည့်အနက် ယခု တွေ့ရှိရသည့် ရွှေကြာပွင့်ထုံးကျောက် လိုဏ်ဂူတော်မှာ သံလွင်မြစ်ကိုမကူးမီ ဘုရင့်ညီဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ လင်းနို့ဂူတို့နှင့် ခရီးတစ်ဆက်တည်းဖြစ်ကာ သဘာဝအလှများဖြင့် ဆန်းကြယ်လှသည့် သုံးဖက်ပွင့် လိုဏ်ဂူအမျိုးအစားဖြစ်သည်။

 

ရွှေရောင်အဆင်းရှိ ကြာပွင့်ကြီး

 

အဆိုပါဂူမှာ ရှည်လျားနက်ရှိုင်းကာ ဂူအတွင်းပိုင်းကျယ်၍ သဘာဝအတိုင်း တည်ရှိနေသည့် ကျောက်စက်ပန်းဆွဲများအပြင် ဂူအတွင်းပိုင်း၌ ရွှေရောင်အဆင်းရှိ ကြာပွင့်ကြီးကလည်း ပြည်တွင်းပြည်ပ ခရီးသွားများကို အဓိကဆွဲဆောင်နိုင်သော သဘာဝက ဖန်တီးထားသည့် လက်ရာများဖြစ်ကြောင်း တွေ့ရသည်။

 

အဆိုပါဂူမှာ ဘားအံမြို့နယ် ဘားကပ်ကျေးရွာအုပ်စု ကော့ဂွန်း (၂)ကျေးရွာ၏ လေးဖာလုံခန့်တွင် သဘာဝ အတိုင်း ထီးထီးကြီးတည်ရှိနေသော ထုံးကျောက်လိုဏ်ဂူဖြစ်သည်။

 

ရွှေကြာပွင့်သဘာဝလိုဏ်ဂူတော် အဝင်လမ်းတစ်လျှောက်၌ သုံးဖာလုံခန့်မှာ ကျောက်ချောလမ်းဖြစ်ပြီး တစ်ဖာလုံ ခန့်မှာ ကွန်ကရစ်လမ်းဖြစ်ကာ လမ်းကောင်းသော်လည်း လမ်းကျဉ်းသည့်အတွက် လက်ရှိအခြေအနေတွင် ယာဉ်ငယ်လေးများသာ အဆင်ပြေမည် ဖြစ်သည်။

 

လိုဏ်ဂူအနေအထားမှာ ဝင်/ထွက် ပေါက် သုံးဖက်ရှိပြီး ဂူအတွင်းပိုင်းတွင်လည်း သန့်ရှင်း၍ လေဝင်လေထွက် ကောင်းသည့်အတွက် အေးစိမ့်သည့် အရသာကို ဂူအတွင်းသို့ စတင်ဝင်သည် နှင့် ခံစားရမည်ဖြစ်သည်။

 

ခရီးသွားများကို ဆွဲဆောင်

 

လက်ရှိအခြေအနေတွင် ဂူအတွင်းသို့ ဝင်ရောက်ပါက လက်နှိပ်ဓာတ်မီး ယူသွားရန် လိုအပ်မည်ဖြစ်သည်။ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် ဝင်ထွက်မှု တစ်ဟုန်ထိုးမြင့်တက်လာသော ကရင်ပြည်နယ်သည် ယခုကဲ့သို့ သဘာဝအလှများဖြင့် ဆန်းကြယ်ပြီး ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ထုံးကျောက်လိုဏ်ဂူများက ခရီးသွား လုပ်ငန်း ဖွံဖြိုးမှုကို များစွာအထောက် အကူပြုနိုင်သဖြင့် သံလွင်အနောက်ခြမ်းတွင် ငါးဂူမြောက်အဖြစ် ရွှေကြာပွင့်ဂူအား ဖော်ထုတ်ပြီးစီးပါက ပြည်တွင်းပြည်ပခရီး သွားများအတွက် လေ့လာလည်ပတ်စရာ နေရာသစ်တစ်ခု တိုးလာမည်ဖြစ်သည်။

 

လိုဏ်ဂူတော်တည်ရှိရာတောင်မှာ တောင်ကလေးတောင်ဟု ဒေသခံများက ခေါ်ဆိုကြပြီး ဂူအလယ်နေရာသို့ အရောက်တွင် ဂူနံရံအပေါ်ဘက် ၁၀ ပေ ခန့်အကွာ၌ ရွှေအဆင်းအလွှာလွှာ အထပ်ထပ်ကဲ့သို့ ထူးခြားဆန်းကြယ်စွာ သဘာဝအတိုင်း ဖြစ်ပေါ်လျက်ရှိသော အချင်းရှစ်ပေခန့်ရှိ ကြာပွင့်ပုံသဏ္ဌာန် ရွှေကြာပွင့်ကြီးအား အံ့ဩဖွယ်ရာမြင်တွေ့ ရမည်ဖြစ်သည်။

 

ဂူနံရံတွေမှာလည်း သဘာဝက ဖန်တီးထားသည့် ကျောက်စက် ကျောက်ပန်းများက လှပဆန်းကျယ်စွာ တွေ့ မြင်နိုင်ပြီး အလွန်မြင့်သော ဂူခေါင်မိုးများတွင် လင်းနို့များက ငြိမ်သက်စွာ နားခိုနေသည်ကို တွေ့ရ မည်ဖြစ်သည်။

 

အဆိုပါလိုဏ်ဂူ အလယ်ရှိ ရွှေရောင်တဖိတ်ဖိတ်တောက်ပနေပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကြာပွင ပုံသဏ္ဌာန်ကို အစွဲပြု၍ ရွှေကြာပွင့်လိုဏ်ဂူဟူ၍ ဒေသခံများက ခေါ်တွင်လာခြင်းဖြစ်ကြောင်းသိရပြီး လက်ရှိတွင် အဆိုပါတောင်ခြေ ဂူအနီးတွင် ဝါးကျောင်းလေးဖြင့် သီတင်းသုံး လျက်ရှိသော ဦးပဉ္ဇင်းပညာဝံသနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကရင်ပွင့် လင်းအုပ်စု (KGO) အဖွဲ့တို့နှင့်ဒေသခံအချို့ ပူးပေါင်းကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေရန်အတွက် ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

 

“ဦးပဉ္ဇင်းဒီမှာ သီတင်းသုံးခဲ့တာ လေးနှစ်ကျော်ပါပြီ။ ကိုရင်ကြီးဘဝနဲ့ သုံးနှစ်ကျော် အရင်ဒီကျောင်းမှာ သီတင်း သုံးတဲ့ဆရာတော်သုမေဒါနဲ့ လက်တွဲပြီး သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဆရာတော်က ဦးပဉ္ဇင်းဘဝနဲ့ သာသနာပြုပြီး ဒီနေရာလေးဖွံ့ဖြိုးလာအောင် ဆက်လက်ဆောင်ရွက်သွားဖို့မိန့်ကြားတာဝန်ပေးခဲ့တာမို့ ဦးပဉ္ဇင်းအနေနဲ့လည်းဆက်ပြီး ကြိုးပမ်းအားထုတ် သွားပါမယ်” ဟု လက်ရှိသီတင်းသုံးနေသည့် ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

 

ဆက်လက်၍ ကော့ဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွေးအောင်ကလည်း ကျွန်တော်တို့ ငယ်ငယ်က ဒီတောင်ခြေ ကဂူတွေ၊ လယ်ကွင်းတွေမှာ ကစားခဲ့ကြပါတယ်။ ဂူကရှည်ပြီး နက်တယ်။ မည်းမှောင်နေတာမို့ ထူးခြားချက်တွေကို မသိခဲ့ကြဘူး။မိုးတွင်းရေကြီးချိန်ဆို ဂူက ရေမြုပ်နေတော့ဝင်ဖို့ မလွယ်ဘူး။ နွေရာသီဆိုရင် အလွယ်တကူဝင်ထွက်သွားလာရတာအဆင်ပြေပါတယ်။ ပိုပြီးတော့စိတ်ဝင် စားစရာကောင်းတာက ဂူထဲမှာ ဝင်္ကပါဆန်တဲ့ ဂူလမ်းတွေအများကြီးရှိတာမို့ အများပြည်သူတွေ အသိများလာပြီး ပြည်တွင်းပြည်ပခရီးသွားတွေ ဆွဲဆောင် နိုင်မယ့်နေရာတစ်ခုဖြစ်လာရင် ကျွန်တော်တို့ ကျေးရွာလည်း ပိုပြီးစည်ကားဖွံ့ ဖြိုးသွားတာပေါ့” ဟု ဖြည့်စွက်ပြောကြားသည်။

 

သဘာဝအလှထိန်းသိမ်း

 

ကရင်ပြည်နယ်အနေဖြင့် သဘာဝ ထုံးကျောက်လိုဏ်ဂူများကို ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် သွားလာမှု လွယ်ကူစေရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းများပြုပြင်ခြင်း၊ သဘာဝထုံးကျောက်တောင်များရှိ သဘာဝအလှများကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းတိ်ု့ကို စနစ်တကျဆောင်ရွက်လျက်ရှိသည့်အပြင် လာရောက်သူများ စိတ်အေးချမ်းသာစွာ လည်ပတ်လေ့လာနိုင်ရန်အတွက်လည်း တပ်မတော်၊ ရဲတပ်ဖွဲ့ ၊ နယ်ခြားစောင့်တပ် အပါအဝင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)