ခြူးစန္ဒီနွေး

ဂျော့ရှုအာဝင်စတိန်းရဲ့ ရည်မှန်းချက်ကတော့ လေယာဉ်မှူးတစ်ယောက်ဖြစ်လာဖို့ပါပဲ။ ကံကြမ္မာဟာ ကြိုတင်မှန်းဆထားလို့ မရဘူးဆိုတဲ့အတိုင်း သူတက္ကသိုလ်စတက်တဲ့ ၂၀၀၂ ခုနှစ်မှာပဲ လေကြောင်းလုပ်ငန်းဟာ အခက်အခဲအကျပ်အတည်းတွေကြားရောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့် ဝင်စတိန်းဟာ လေယာဉ်မှူးတစ်ယောက်ဖြစ်လာရမယ့်အစား အလယ်တန်းကျောင်းဆရာ တစ်ဦးသာ ဖြစ်လာခဲ့ပါတယ်။
လေယာဉ်မှူးအိပ်မက်
အခြေအနေအရသာ ကျောင်းဆရာဖြစ်ခဲ့ရပေမယ့် လေယာဉ်မှူးဖြစ်ချင်တဲ့ အိပ်မက်ကိုတော့ မစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ရဲ့အားလပ်ချိန်တွေမှာ ဒေါ်လာထောင်နဲ့ချီ အကုန်အကျခံပြီး လေကြောင်းပျံသန်းမှုတွေ လေ့ကျင့်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဝင်စတိန်းအတွက်မျှော်လင့်ချက် ရောင်ခြည် သန်းလာပြန်ပါတယ်။ အဲဒါကတော့ လေယာဉ်မှူးတွေ ရှားပါးတဲ့ အခြေအနေရောက်နေပြီဆိုတဲ့ သတင်းစကားကြားသိလာရတာ ပါပဲ။ ဒီလိုနဲ့အခြေအနေအရ ဖြစ်ခဲ့ရတဲ့ ကျောင်းဆရာအလုပ်ကိုသူကျောခိုင်းလိုက်ပြီး သူ့အိပ်မက်နောက်ကိုသာ ဆက်လိုက်ခဲ့ ပါတယ်။ ဇန်နဝါရီလမှာတော့ သူဟာ အိတ်စပရက်ဂျက် ကုမ္ပဏီနဲ့ ဆက်သွယ်မိပြီး မောင်းနှင်မှု သင်တန်းတက်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုအတွင်း ပြေးဆွဲတဲ့လေကြောင်းလိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
မမျှော်လင့်တဲ့ကံကြမ္မာဆိုး
ဒါပေမယ့်လည်း မမျှော်လင့်တဲ့ ကံကြမ္မာဆိုးက ရိုက်ချ လိုက်ပြန်ပါတယ်။ အဲဒါကတော့ ကိုဗစ်-၁၉ ဆိုတဲ့ ကပ်ရောဂါပါပဲ။ ကိုဗစ် -၁၉ ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လေကြောင်းလုပ်ငန်း ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ အလုပ်နေရာ လျှော့ချမှုတွေ အများကြီးဖြစ်ပေါ်ခဲ့ပြီး မစ္စတာ ဝင်စတိန်းလို ခုမှအခြေတည် ခါစ လေယာဉ်မှူးတွေအတွက်လည်း ရှေ့တိုးရမလို နောက်ဆုတ် ရမလို အနေအထားနဲ့ ကြုံတွေ့နေရပါတယ်။ လေ့ကျင့်မှုတွေကို လည်း ရပ်ဆိုင်းလိုက်ရပါတယ်။ အဆိုးဆုံးအခြေအနေကတော့ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှမသိနိုင်တာပဲ။ ရှေ့ဆက်ပြီး ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာဘယ်သူမှ တပ်အပ်မပြော နိုင်ဘူးလို့ မစ္စတာ ဝင်စတိန်းက ပြောပါတယ်။
လေယာဉ်မှူးလိုအပ်ချက် မြင့်တက်လာလိမ့်မယ်
ကိုဗစ် -၁၉ မတိုင်ခင် ကာလတွေတုန်းကတော့ လေယာဉ် ပျံသန်းမှုကျောင်းတွေ လေကြောင်းလိုင်းတွေနဲ့ ကျွမ်းကျင်သူ တွေက လေယာဉ်မှူးအဖြစ် လုပ်ကိုင်ကြဖို့ လူငယ်တွေကို စည်းရုံးကြပါတယ်။ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့် အလမ်းသေချာတယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဆွဲဆောင်ကြပါတယ်။ ဘာလို့လဲဆိုရင် လက်ရှိလေကြောင်းလိုင်းမှာ လေယာဉ်မှူး တွေအဖြစ် လုပ်ကိုင်နေကြတဲ့ သူတွေဟာ အသက် ၅၀ ဝန်းကျင် ၆၀ တွေဖြစ်ပြီး သူတို့ဟာ မကြာခင်အချိန်အတွင်းမှာ အငြိမ်းစား သွားကြတော့မှာပါ။ တစ်ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှု ကတော့ လိုလားမှုတွေ ဆက်လက်မြင့်တက်ဆဲဖြစ်တာကြောင့် လေယာဉ်မှူး လိုအပ်ချက်ဟာ မြင့်တက်လာလိမ့်မယ်လို့ ထင်မြင် ယူဆခဲ့ကြပါတယ်။
ဝန်ထမ်းတွေ လျှော့ချရတော့မယ်
ကိုဗစ် -၁၉ ဖြစ်ပွားလာခဲ့တဲ့ အခါမှာတော့ အခြေအနေ တွေဟာပြောင်းလဲကုန်ပါတယ်။ လက်ရှိလေကြောင်းလုပ်ငန်းမှာ လုပ်ကိုင်ကြသူ တွေအတွက်တောင် အလုပ်နေရာဟာ မသေချာ တော့ပါဘူး။ ကျွမ်းကျင်သူတွေ သုံးသပ်ကြတာကတော့ လေကြောင်းလုပ်ငန်း ပြန်လည်နာလန်ထူဖို့ အချိန်ဟာ နှေးကွေး နေဦးမှာပဲဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ခရီးသွားလာမှု ဆိုင်ရာ ကန့်သတ်ချက်တွေ ဆက်လက်ထားရှိတာနဲ့ ကိုဗစ် -၁၉ ရဲ့ သဘောသဘာဝဟာ ဘာဆက်ဖြစ်မယ် မခန့်မှန်းနိုင်သေးတာ ကြောင့်လည်း အခုလိုသုံးသပ်ရတာပါ။ မသေချာတဲ့အနာဂတ် ကို ပြင်ဆင်ဖို့အတွက် နိုင်ငံရေးအကြီးဆုံး လေကြောင်းလိုင်း တွေဟာ ဒေါ်လာဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေကို ပိုက်ဆံအဖြစ် သိမ်းဆည်းထားရပါတယ်။ အကယ်၍ လက်မှတ်အရောင်း တွေ ပြန်တက်မလာဘူးဆိုရင် အမေရိကန်လေကြောင်းလိုင်း၊ ဒယ်လ်တာလေကြောင်းလိုင်း အပါအဝင် အခြားသော လေကြောင်းလိုင်းတွေဟာ မတက်သာတဲ့အဆုံး ဝန်ထမ်းတွေ လျှော့ချဖို့ လုပ်ရတော့မှာပါ။
ငှားရမ်းမှုတွေရပ်တန့်
လေကြောင်းလိုင်း အများစုဟာလည်း လေယာဉ်မှူး ငှားရမ်းမှုတွေကို ရပ်တန့်နေကြပါပြီ။ ကုမ္ပဏီအချို့ဟာလည်း ဝန်ထမ်းအင်အား ဖြတ်တောက်တာတွေ၊ လျှော့ချတာတွေ ဒီထက်ပိုပြီး မလုပ်ချင်တာကြောင့် ရှယ်ယာတွေ ရောင်းချတာ မျိုးကမ်းလှမ်းကြပါတယ်။ ဒယ်လ်တာကုမ္ပဏီကလည်း လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာ လေယာဉ်မှူးပေါင်း ၂၆၀၀ ကို အလုပ်က နေနားဖို့နဲ့ စောစီးစွာ ပင်စင်ယူဖို့ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါ တယ် ။ တချို့သော လေကြောင်းကုမ္ပဏီတွေ ကျပြန်တော့လည်း ကုမ္ပဏီကနေ ယာယီ သို့မဟုတ် ပင်စင်ယူဖို့ သဘောတူ တဲ့လေယာဉ်မှူးတွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် အကျိုးခံစား ခွင့်ပေးဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ရင်းနှီးမြှုပ်နှံ
မစ္စတာဝင်စတိန်းလို နောက်ထပ်လူတစ်ယောက် ရှိပါ သေးတယ်။ သူ့နာမည်ကတော့ အာချီဘတ်ပါ။ သူဟာ လေကြောင်းသယ်ယူပို့တောင်ရေးနည်းပညာနဲ့ ဘွဲ့ယူပြီးတဲ့ နောက် အမေရိကန် အီဂယ်ကုမ္ပဏီက ငှားရမ်းခြင်းခံခဲ့ရပါတယ်။ ၂၀၀၁ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ သူလည်းအလုပ်ကနေအချိန် အကြာကြီးနားလိုက်ရပါ တယ်။ တစ်နှစ်ခန့်ကြာတဲ့အခါမှာတော့ ဂျက်လေယာဉ်မောင်းတဲ့ အလုပ်ပြန်လုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကျမှ ဒယ်လ်တာကုမ္ပဏီ မှာ အလုပ်ဝင်ခဲ့တာပါ။
လေယာဉ်မှူးတွေ အားလုံးဟာ သူတို့ရဲ့ အလုပ်ကိုတကယ် ချစ်မြတ်နိုးတာကြောင့် ဝင်ရောက်လုပ်ကိုင်ကြသူတွေပါ။ ဒါကြောင့်မို့လည်း သူတို့ဟာ နှစ်ပေါင်းများစွာ ကြာအောင် လေ့ကျင့်မောင်းနှင်ရေး အစီအစဉ်တွေကြား သူတို့ရဲ့အချိန် တွေကို ရင်းနှီးမြှုပ်နှံခဲ့ကြတာပါ။
ငွေကြေးကုန်ကျမှုများ
အရည်အချင်းနဲ့ပြည့်ဝတဲ့ လေယာဉ်မှူးဖြစ်လာဖို့ လေ့ကျင့် မှုတွေအတွက် ဒေါ်လာ ၁၀၀၀၀၀ အကုန်အကျခံခဲ့ရပြီးဒါတောင်မှ သူတို့ရဲ့ ဘွဲ့ရအောင် ကျောင်းတက်ရတဲ့ စရိတ်တွေ မပါသေး ပါဘူး။ မစ္စတာ ဝင်စတိန်းဆိုရင် လေ့ကျင့်ပျံသန်းမှုအတွက် ခန့်မှန်းခြေအားဖြင့် ဒေါ်လာငါးသောင်းကနေ ခုနစ်သောင်းကြား သုံးစွဲခဲ့ရပါတယ်။ အိတ်စပရက်ဂျက်မှာ အလုပ်လုပ်တဲ့ လေယာဉ် မှူးဟာ ပထမတစ်နှစ်မှာ ဝင်ငွေ ၃၆၀၀၀ အနည်းဆုံး ရရှိပါတယ်။ လေယာဉ်မှူးအများစုဟာ လေယာဉ်မောင်းသင်တန်းတွေတက်ဖို့ ဒေါ်လာထောင်နဲ့ချီပြီးချေးငှားရပါတယ်။ နောက်မှ တဖြည်းဖြည်း ချင်းကြွေးတွေကို ပေးဆပ်ပါတယ်။ ဝါရင့်လေယာဉ်မှူး တစ်ယောက်ဟာ တစ်နှစ်မှာဝင်ငွေ ၃၀၀၀၀ဝ ရရှိပါတယ်။
စိန်ခေါ်မှုဖြစ်ခဲ့
လွန်ခဲ့တဲ့တစ်နှစ်ကဆိုရင် လေယာဉ်မှူးပြတ်တောက်မယ့် အရေးဟာ လေကြောင်းလိုင်းအတွက် အကြီးဆုံးစိန်ခေါ်မှု ဖြစ်ခဲ့ တယ်လို့ ဘိုးရင်းကုမ္ပဏီအကြီးအကဲက ပြောခဲ့ပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုနှုန်းတွေ မြင့်တက်နေတာ ကြောင့် လာမယ့်နှစ်နှစ်အတွင်းမှာ လေယာဉ်မှူးပေါင်း ၆၄၅၀၀၀ဝ အထိ လိုအပ်လာလိမ့်မယ်လို့ ဘိုးရင်းကခန့်မှန်း ခဲ့ပါတယ်။ ကိုဗစ် -၁၉ ဖြစ်ပွားလာတဲ့အခါမှာတော့ အခြေအနေ တွေဟာ ဘာဆက်ဖြစ်မယ်ပြောလို့ မရအောင် ဖြစ်သွားခဲ့ရပါ တယ်။
နောင်တမရအောင် တွန်းအားပေး
မစ္စတာဝင်စတိန်းလို လေယာဉ်မှူးတွေအတွက်ကတော့နောက်ဆက်ဘာဖြစ်လာမလဲဆိုတာကို မျှော်လင့်ရုံပါပဲ။ ရလဒ် အနေနဲ့ ဘာတွေပဲဖြစ်လာဖြစ်လာ သူလုပ်ခဲ့တာတွေဟာ တန်ကြေးရှိတယ်။ ထိုက်တန်တယ်လို့ သူကဆက်ပြောပါတယ်။ “ ကျွန်တော်ဟာ အနည်းဆုံးတော့အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ လေကြောင်းလုပ်ငန်းနဲ့လည်း ချိတ်ဆက်နိုင် ခဲ့တယ်။ ဒီအချက်တွေကပဲကျွန်တော့်ကို နောင်တမရအောင် တွန်းအားပေးနေတယ်” လို့ မစ္စတာဝင်စတိန်းက ပြောပါတယ်။
ကိုးကား - နယူးယောက်တိုင်းမ်
မြန်မာ့အလင်း