မန္တလေး ၂၃ ဇန်နဝါရီ 

မြန်မာနိုင်ငံ၏ အဖိုးတန် တောရိုင်းတိရိစ္ဆာန်များအား ကာကွယ်ရန် ရည်ရွယ်၍ ကျင်းပသော တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ (VOCIES FOR WILDLIFE)  လူထုအသိပညာပေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရွှေရောင်စက္ကူများဖြင့် ပြုလုပ်ပုံဖော်ထားသော ကျား၊ ဆင်၊ သင်းခွေချပ် အစရှိသည့် အရုပ်ကြီး ၃ ရုပ်အား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ မှ ၃၁ ရက်နေ့အထိ မန္တလေးမြို့၊ ကျုံးတောင်ဘက်ခြမ်းတွင် ပြသထားမည်ဖြစ်သည်။

 

‌ေ

 


အဆိုပါ ရွှေရောင်စက္ကူဖြင့် ပြုလုပ်ထားသော  ကျား၊ ဆင်၊ သင်းခွေချပ် စသည့် အရုပ်ကြီးသုံးရုပ်အား ရန်ကုန်မြို့နှင့် နေပြည်တော်မြို့မှ မန္တလေးမြို့သို့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ကာ အများပြည်သူလေ့လာနိုင်ရန် ကျုံးတောင်ဘက်ခြမ်း၊ အများပြည်သူ ပလက်ဖောင်းနေရာ ဖြစ်သည့် ၂၆ လမ်း ၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားတွင် ပြသထားမည်ဖြစ်သည်။ 

ပြသထားမည့် ရွှေရောင်ကျားရုပ်ကြီးမှာ အမြင့် ၉ ပေ ၃ လက်မ ရှိပြီး အရှည် ၉ ပေ ၁၀ လက်မခန့်ရှိသည်။ သင်းခွေချပ်အရုပ်ကြီးမှာမူ အမြင့် ၇ ပေရှိပြီး အရှည် ၁၁ ပေရှိကာ ဆင်ရုပ်ကြီးမှာ အမြင့် ၇ ပေ ရှိပြီး အရှည် ၉ ပေရှိသည်။ မြန်မာ့တောရိုင်းတိရစ္ဆာန်များသည့် အဖိုးတန် တောကောင်လေးများဖြစ်ပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်လျက်ရှိကြောင်းကို ရည်ညွှန်း၍ ရွှေရောင်စက္ကူများဖြင့် ပြုလုပ်ပုံဖော်ထားခြင်းဖြစ်ပါသည်။ 

တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ (VOICES FOR WILDLIFE) ကမ်ပိန်းကို ၂၀၁၇ ခုနှစ်တွင် ဆင်အရေပြားအတွက် ဆင်များဖမ်းဆီးသတ်ဖြတ်ခံရခြင်းအား ဆန့်ကျင်တိုက်ဖျက်သည့် လုပ်ရှားမှုတစ်ရပ်အနေဖြင့် စတင်ခဲ့ပါသည်။ VOICES FOR WILDLIFE ၏ နောက်တစ်ဆင့်အနေဖြင့် “မြန်မာ့တောကောင်လေးများနှင့်အတူ ဆင်နွှဲခြင်း” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့တွင် မြန်မာနိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ အားလုံး တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှုကို အတူတကွ အဆုံးသတ်နိုင်ကြရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး သရုပ်ပြယာဉ်များဖြင့် လှည့်လည်ခြင်းအစီအစဉ်များဖြင့်လည်း ကျင်းပသွားမည်ဖြစ်သည်။ 

 

‌ေ

 

မြို့မငွေငန်း အလှပြယာဉ်နှင့်အတူ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး သရုပ်ပြယာဉ်များ၊ အဆို၊ အက အလှပြယာဉ်များဖြင့် စီတန်းလှည့်လည်ခြင်းကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မနော်ရမ္မံ (ပြည်သူ့ဟစ်တိုင်ကွင်း) မှစတင်၍ မန္တလေးမြို့အနှံ့ စီတန်းလှည့်လည်သွားမည်ဖြစ်ကြောင်း သိရသည်။

မေသက်ထား