နေပြည်တော် ဇူလိုင် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ရေရှည်တည်တံ့သော တန်ဖိုးမြင့် သဘာဝရော်ဘာထုတ်လုပ်မှုဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဌနှင့် တာဝန်ရှိသူများက ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းဆိုင်ရာများ၊ တန်ဖိုးမြင့် ရော်ဘာထုတ်လုပ်မှု လမ်းစဉ်ဖြင့် ထုတ်လုပ်ခြင်းနှင့် အနာဂတ်ရော်ဘာဈေးကွက် အလား အလာတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ရော်ဘာအခြေခံသည့် ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် တိုက်တွန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ရေတို ရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ရော်ဘာအပင်အိုများ နေရာတွင် အထွက်နှုန်းမြင့်မားသော ပျိုးပင်များအစားထိုး စိုက်ပျိုးနိုင်ရေး၊ ရော်ဘာနှင့် သားရေပစ္စည်း ထုတ်လုပ်မှုတွင် အဆင့်မြင့်နည်းပညာများ အသုံးပြုထုတ်လုပ် နိုင်ရေးနှင့် ရော်ဘာနှင့် သားရေ ပစ္စည်းအခြေခံ ကုန်ချောထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်မည့် အခွင့်အလမ်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အရည်အသွေးကောင်း ရော်ဘာတင်ပို့မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်ပသို့ တင်ပို့သော ရော်ဘာများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် သတ်မှတ်ကုန်စည်လိုင်းကို တင်ပို့ ပါက ပို့ကုန်ရငွေအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးထားပြီးဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်