၂၉ ဧပြီ

 


စီမံကိန်းများ ဖြစ်ပေါ်လာသောကြောင့် အခြေခံအဆောက်အအုံ(Infrastructure) များ ဖြစ်ထွန်းလာသည်။  အခြေခံအဆောက်အုံများ ဖြစ်ထွန်းလာမှုကြောင့် အလုပ်အကိုင်အသစ်များ ဖန်တီးပေးနိုင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စသည့်အလားအလာကောင်းများ ဖြစ်ပေါ်စေပါသည်။ များသောအားဖြင့်  ဖွံ့ဖြိုးလာသော အခြေခံအဆောက်အအုံများသည် သဘာဝပတ်ဝန်းကျင်ကိုအခြေခံပြီး  ဖြစ်ပေါ်လာကြသည်ဖြစ်၍   ဒေသအဆင့်၊ နိုင်ငံအဆင့် ကြီးမားသည့်အကျိုးရလဒ်များ ရရှိနိုင်သလို စိန်ခေါ်မှုများ၊    ပြဿနာများနှင့်လည်း  ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် ပြည်သူ့အစိုးရအနေဖြင့် ပြည်သူလူထုအသံကို  လက်ခံနားထောင်ပြီး သင့်လျော်သည့် ထိန်းကျောင်းပြုပြင်မြော်မြင်မှုများဖြင့် ဆောင်ရွက်လျက်ရှိရာ  ရေရှည်ဖွံ့ဖြိုးတိုးတက်မှု(Sustianable Development)ကို ဦးတည်စေပါသည်။

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်သည်  ဧပြီလ ၂၇ ရက်နေ့ကကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲသို့တက်ရောက်ပြီး ပါဝင်ဆွေးနွေးရာ၌ အခြေခံအဆောက်အအုံတိုးတက်မှုနှင့် ပြည်သူအချင်းချင်း ဆက်သွယ်ချိတ်ဆက်မှုများကို မြှင့်တင်နိုင်ခြင်းဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ မိတ်ဖက်နိုင်ငံများအတွက် အကျိုးကျေးဇူးများပေါ်ပေါက်လာမည်ဟု မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝအသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။

 


ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် ဒေသတွင်းအခြေခံအဆောက်အအုံ ဆက်သွယ်ချိတ်ဆက်မှုများနှင့် ကြီးမားသည့်အခြေခံအဆောက်အအုံ စီမံကိန်းများဖြင့် ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် ကုန်စည်ဝန်ဆောင်မှု၊ ပြည်သူများ စီးဆင်းသွားလာမှုများမှတစ်ဆင့် အလုပ်အကိုင်ဖန်တီးရေးကို များစွာအထောက်အကူပြုမည့်စီမံကိန်းဖြစ်သည်။ အခြေခံအဆောက်အအုံအသစ်များ ပေါ်ထွန်းလာမှုကိုအကြောင်းပြုသည့် ဤစီမံကိန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွံ့ဖြိုးဆဲနိုင်ငံ၏ ပကတိအရှိတရားနှင့်ထင်ဟပ်ကာ စကားဝိုင်းတွင် ဆွေးနွေးခဲ့သည်။

 


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  “စီမံကိန်းကြီးများကို  စတင်အကောင်အထည်ဖော်ခြင်းထက် ထိန်းသိမ်းရေးကိစ္စရပ်တွင် စိန်ခေါ်မှုကြီးမားသည်ကို မိမိတို့အနေဖြင့် သတိပြုရန်လိုအပ်ပါကြောင်း၊ သို့ရာတွင် အချို့သောအောင်မြင်နေသည့် အခြေခံအဆောက်အအုံစီမံကိန်းကြီးများသည် နိုင်ငံ၏စီးပွားရေးကို တိုးတက်ပြောင်းလဲစေနိုင်ပြီး  ဒေသခံပြည်သူများ၏  အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်စေနိုင်ပါ ကြောင်း၊  မြန်မာနိုင်ငံကဲ့သို့သော  ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်  အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေပါကြောင်း၊ အခြေခံအဆောက်အအုံဆက်သွယ်ချိတ်ဆက်မှု  အထောက်အပံ့များသာမက ပြည်သူအချင်းချင်း ဆက်သွယ်ချိတ်ဆက်မှုသည်လည်း ရေရှည်တည်တံ့ခိုင်မြဲသော  ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပါကြောင်း” အသိပေး ပြောကြားခဲ့သည်။
ဒီမိုကရေစီ သီးကင်းစနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီမံကိန်းကြီးများကို ဆောင်ရွက်ရာ၌ စိန်ခေါ်မှုကြီးမားသည်ကို မြင်တွေ့နိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူမှုစီးပွားမြင့်မားတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ လိုအပ်သည်မှန်သော်လည်း အခြေခံအဆောက်အအုံစီမံကိန်းကြီးများ အကောင်အထည်ဖော်သည့်အခါတွင် ဘဏ္ဍာရေးဆိုင်ရာ စွန့်စားမှုများ၊ စိန်ခေါ်မှုများ ရှိပေသည်။ ရေရှည်တည်တံ့သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်စေရန် ပြည့်စုံသည့် ရေရှည်ဘဏ္ဍာရေးအစီအစဉ်၊  လုံလောက်သည့်  ရင်းနှီးမြှုပ်နှံမှုနှင့်  ဒေသတွင်း ဆိုင်ရာအန္တရာယ်များကို ကြိုတင်သတိပေးမည့် ကောင်းမွန်သည့် စနစ်တစ်ရပ် လိုအပ်ပေသည်။

 


သို့ဖြစ်ရာ      အခြေခံအဆောက်အအုံ   ဆက်သွယ်ချိတ်ဆက်မှု အထောက်အပံ့များသာမက ပြည်သူအချင်းချင်း ဆက်သွယ်ချိတ်ဆက်မှုများသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေပါသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆွေးနွေးပြောကြားသည့်အတိုင်း ပြည်သူအချင်းချင်း စည်းနှောင်မှုနှင့်   ချစ်ကြည်ရင်းနှီးမှုတိုးတက်လာရေးကို ရှေးရှုသော ဘာသာရပ်ဆိုင်ရာဖလှယ်မှုများ၊ ပညာရပ်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုများနှင့် ပညာတော်သင်အစီအစဉ်များကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။     

 

ကြေးမုံ