နန်းအိအိခိုင်

 

မြန်မာ့ဝါသည် သိသာထင်ရှားသော အလားအလာကောင်းများဖြစ်ကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုရရှိရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးမှုသည် စိုက်ပျိုး မြေများ၏ မြေဆီဩဇာဆုတ်ယုတ်နေမှု၊ ရေရှားပါးမှုနှင့် ပိုးမွှားကျရောက်မှုအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပါသည်။

 

ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး၊ ဓာတုသွင်းအားစုများသာမက သဘာဝသွင်းအားစုများ တွဲဖက် အသုံးပြု ခြင်းနှင့် ထိရောက်သော ဆည်မြောင်း၊ ရေသွင်းနည်းစနစ်ကဲ့သို့ ရေရှည်တည်တံ့နိုင်သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကိုမြှင့်တင်ခြင်းဖြင့် စိန်ခေါ်မှုများကို လျော့ပါးသက်သာစေနိုင်မည် ဖြစ်ပါသည်။

 

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ခြင်းအပြင် တစ်ဖက်တွင် ဝါဂွမ်းမှအဆင့်မီအထည်အလိပ်၊ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့် အထည်စက်များကို စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ အထည်ချုပ်လုပ်ငန်းများဖွံ့ဖြိုးအောင် ဆောင်ရွက် ခြင်းတို့ကို တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများကို ဒေသအလိုက် ထူထောင်နိုင်ရေးနှင့် ရေရှည် ရှင်သန်နိုင်ရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန်နှင့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာရန် ဖိတ်ခေါ်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

 

အရည်အသွေးမြင့် ချည်မျှင်ရှည် ဝါမျိုးများကို ဦးစားပေး စိုက်ပျိုးမှုမှသည် အဆင့်မီအထည်အလိပ် ထုတ်လုပ်ခြင်းအထိ ဝါတန်ဖိုးကွင်းဆက်တစ်ခုလုံး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ဝါကဏ္ဍတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို အားကောင်းစေမည်ဖြစ်ပါသည်။ သွင်းကုန်မှီခိုမှုကို လျှော့ချရန်နှင့် ပြည်တွင်းအထည်အလိပ်လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ရည်ရွယ်၍ ဝါအထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်ရန် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိပြီး ရေရှည် တည်တံ့သော အလေ့အကျင့်များနှင့် နည်းပညာတိုးတက်မှုများကို လက်ခံကျင့်သုံးခြင်းဖြင့် ဝါဂွမ်းထုတ်လုပ် မှုတွင် စိန်ခေါ်မှုများကို ကျော်လွှားနိုင် မည်ဖြစ်ပါသည်။

 

ဝါသည် အသက်မွေးဝမ်းကျောင်းများကို ကုန်ပစ္စည်းတစ်ခုအဖြစ် ဆက်လက်တည်ရှိစေရန်၊ ပံ့ပိုးပေးသည့် အရေးကြီးသော စီးပွားရေးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲစေ ရန်၊ ရာသီဥတုပြောင်းလဲမှု၊ ဈေးကွက်မတည်ငြိမ်မှုအခြေအနေများတွင် ရေရှည်တည်တံ့သော ဝါဂွမ်းထုတ်လုပ်မှုဖြစ်စေရန် လယ်သမားများ၏ စွမ်းအားမြှင့်တင် ခြင်းနှင့်အတူ အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်ရန်နှင့် ဝါနှင့်ချည်ထည်ကဏ္ဍတွင် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သော တိုးတက်မှုများကို ပံ့ပိုး ကူညီကြရန် ကမ္ဘာ့ဝါသီးနှံနေ့ကို နိုင်ငံ အများအပြားတွင် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ဝါသီးနှံကဏ္ဍ ဝါစိုက်ပျိုးထုတ်လုပ်မှုမှသည် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများအထိ ပါဝင်ပတ်သက်လုပ်ကိုင်နေသည့် ဝါသီးနှံတန်ဖိုး ကွင်းဆက်တစ်လျှောက်ရှိ ဝါစိုက်တောင်သူများမှသည် အထည်ချုပ် လုပ်သားများအထိကို ဂုဏ်ပြုသောအား ဖြင့် မြန်မာ့ဝါသီးနှံနေ့တစ်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုပေးသင့်ပါသည်။

 

ဝါသီးနှံ၏အရေးပါမှု

လူသားတို့တွင် စား၊ ဝတ်၊ နေရေး အရေးကြီးသုံးပါးရှိသည့်အနက် အဝတ်သည် ဒုတိယအရေးကြီးဆုံး ဖြစ်ပါသည်။ “လူမှာအဝတ်၊ တောင်းမှာအကွပ်” ဆိုသည့် မြန်မာစကားပုံတွင် လူတို့တွင် အဝတ်၏ အရေးပါပုံကို ဆိုညွှန်းထားပါသည်။ ဝါသည်ကမ္ဘာ့အရေးကြီးဆုံး လယ်ယာထွက်ကုန်များအနက် တစ်ခု ဖြစ်ပြီး နိုင်ငံများစွာ၏ စီးပွားရေးကို သိသိသာသာ အထောက်အကူပြုပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝါသည် သန်းနှင့်ချီသော လူများအတွက် အဓိက ဝင်ငွေအရင်းအမြစ်ဖြစ်သည်။

 

ဝါကဏ္ဍသည် ကမ္ဘာတစ်ဝန်းရှိ လူဦးရေ သန်း ၁၀၀ ကျော်ကို ပံ့ပိုးပေးပါသည်။ အိန္ဒိယ၊ တရုတ်၊ အမေရိကန်နှင့် အာဖရိကနိုင်ငံများစွာတို့ကဲ့သို့ နိုင်ငံများတွင် ဝါဂွမ်းသည် အဓိကပို့ကုန်တစ်ခု ဖြစ်ပြီး ကြီးမားသောဝင်ငွေကို ရရှိစေပါသည်။ အိန္ဒိယတွင် ဝါဂွမ်းလုပ်ငန်းသည် လယ်သမား ခြောက်သန်းကျော်နှင့် စက်မှု လုပ်ငန်းများတွင် လူသန်းပေါင်းများစွာ ကို အလုပ်အကိုင် အခွင့်အလမ်းများ ပံ့ပိုး ပေးလျက်ရှိသည်။

 

ဝါဂွမ်းစိုက်ပျိုးခြင်း၊ ရိတ်သိမ်း ခူးဆွတ်ခြင်းမှစ၍ ဝါကုန်ချောလုပ်ငန်း စဉ်များဖြစ်သည့် ချည်ထုတ်လုပ်ခြင်း၊ အထည်အလိပ်ရက်လုပ်ခြင်း စသည့်လုပ်ငန်းစဉ်အဆင့်ဆင့်တို့တွင် အမျိုးသမီးအများအပြား ပါဝင် လုပ်ကိုင်နိုင်ပါသည်။ ဝါတန်ဖိုးကွင်းဆက်တွင် ပါဝင်ခြင်းဖြင့် အမျိုးသမီးများသည် ကိုယ်ပိုင်ဝင်ငွေ ရရှိကြပြီး ၎င်းတို့၏ မိသားစုနှင့် လူမှု အသိုင်းအဝိုင်းများ၏ သာယာဝပြောရေး ကို အထောက်အကူပြုပါသည်။

 

ဝါသီးနှံ၏အသုံးဝင်မှု

ဝါသည် ကမ္ဘာမြေကြီးကပေးသည့် စွယ်စုံရသီးနှံများအနက် တစ်ခုဖြစ်ပါသည်။ လူတို့၏ အသက်ရှင် နေထိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေး သုံးချက်တွင် ဝါသီးနှံက ယင်း အခြေခံ လိုအပ်ချက် သုံးချက်လုံးကို ဖြည့်တင်းပေးနိုင်ပါသည်။ ဝါသီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီနှင့် ဆီကြိတ်ဖတ်များ ထုတ်လုပ်နိုင်သည်။ ရင့်မှည့်သော ဝါသီး (ဝါပေါက်)မှ ဝါစေ့နှင့် ဝါဂွမ်းကို ခွဲခြား ထုတ်ယူရပါသည်။

 

ဝါဂွမ်းသည် မျက်နှာသုတ်ပဝါ၊ အိပ်ရာနှင့် အခြားအထည်အလိပ်များအပါအဝင် ထုတ်ကုန်အမျိုးမျိုး ပြုလုပ်ရန် အသုံးပြုသည့် သဘာဝအမျှင်တစ်မျိုးဖြစ်သည်။ တာယာ၊ ဆန်ခါများနှင့် စက္ကူကဲ့သို့သော စက်မှု ထုတ်ကုန်များစွာတွင်လည်း အသုံးပြုသည်။ ဝါဂွမ်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို အဝတ်အထည်များတွင် အသုံးပြု ကြပါသည်။ အိမ်တွင်းအလှဆင် ပစ္စည်းများတွင် ၁၅ ရာခိုင်နှုန်းကို အသုံး ပြုကြပြီး ကျန် ငါးရာခိုင်နှုန်းမှာ စစ်ထုတ်ခြင်းနှင့် စုပ်ယူခြင်းကဲ့သို့သော အသုံးအဆောင်များအတွက် အများဆုံးအသုံးပြုကြသည်။ မိုးပြာရောင်ဂျင်း၊ ကော်ဇောနှင့် ကြမ်းခင်းအထည်များကဲ့သို့ လူအများ နှစ်သက်သောအထည်များကို ဝါချည်ဖြင့်ပြုလုပ်သည်။

 

ဝါစေ့တွင် မျိုးစိတ်နှင့် အရည်အသွေး အပေါ်မူတည်၍ ဆီ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်ပါသည်။ ဆီတွင် မပြည့်ဝဆီ ၇၀ ရာခိုင်နှုန်းခန့်ပါဝင် ပါသည်။ သန့်စင်ထားသော ဝါစေ့ဆီ သည် အရသာရှိပြီး ရွှေရောင်ရှိသည်။ ပရိုတင်းဓာတ်ကြွယ်ဝပြီး လူစားသုံးရန် (သို့မဟုတ်) တိရစ္ဆာန်အစာအတွက် အသုံးပြုသည်။ ဝါစေ့ကို ပြန်လည်စိုက်ပျိုးရန် မျိုးအဖြစ်လည်းကောင်း၊ ဆီကြိတ်၍ ဆပ်ပြာ၊ ဖယောင်းတိုင်၊ အလှကုန်များ ကဲ့သို့သော ဆီအခြေခံ ထုတ်ကုန်များစွာပြုလုပ်ရန် စက်မှုကုန်ကြမ်းသုံးဆီအဖြစ် လည်းကောင်း၊ ဝါစေ့ဆီကြိတ်ဖတ်များကို တိရစ္ဆာန်အစာ အဖြစ်လည်းကောင်း အသုံးပြုကြသည်။

 

၁၉၅၀ ပြည့်နှစ်များက အထည် ရက်လုပ်ရာတွင် ဝါဂွမ်းကို ၈၄ ရာခိုင်နှုန်း၊ သိုးမွေး ၁၂ ရာခိုင်နှုန်းနှင့် လျှော် လေးရာခိုင်နှုန်းသုံးစွဲခဲ့ရာမှ ၁၉၄၀ ပြည့်နှစ် တွင် ချည်မျှင်တု ရေယွန်နှင့် နိုင်လွန်တို့ တီထွင်လာသောကြောင့် ၁၉၇၀ ပြည့်နှစ် အလွန်တွင် ဝါဂွမ်းချည်သုံးစွဲမှု လျော့ကျသွားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်များ၌ အထည်အလိပ်များတွင် ဝါဂွမ်း ၃၇ ရာခိုင် နှုန်းခန့်သုံးစွဲကြောင်း သိရှိရပါသည်။ ဝါဂွမ်းချည်၏ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် ဂုဏ်သတ္တိများက ဖွံ့ဖြိုးပြီးနိုင်ငံများရှိ လူအများကို ဆွဲဆောင်နိုင်သောကြောင့် ဝါဂွမ်းချည် သုံးစွဲမှု ပြန်လည်မြင့်တက်လာခဲ့ပါသည်။

 

ပြည်တွင်းမှထွက်ရှိသော ဝါများကို ဝါကြိတ်စက်ရုံများတွင် ကြိတ်ခွဲခြင်း၊ ချည်မျှင်စက်ရုံများမှ အဆင့်မီချည် ထုတ်လုပ်ခြင်း၊ အထည်အလိပ်စက်ရုံများမှ အဆင့်မီချည်ထုတ်လုပ်ခြင်းနှင့် ပိတ်များထုတ်လုပ်ခြင်း၊ အထည်ချုပ်စက်ရုံများမှ အဝတ်အထည်များ ထုတ်လုပ်ခြင်းတို့ဖြင့် ဝါလုပ်ငန်းကဏ္ဍတိုးတက်လာရေး ဆောင်ရွက်နိုင်သည်။ ထို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပန်းတိုင်ဝါစိုက်ဧကရောက်ရှိရေး၊ ပြည်တွင်း ချည်သုံးစွဲမှုဖူလုံရေး၊ ပိုလျှံဝါဂွမ်းများမှ ပို့ကုန်ဝင်ငွေရရှိရေး၊ ဝါစေ့ဆီသန့်များဖြင့် ပြည်ပစားအုန်းဆီ တင်သွင်းမှု အစားထိုးလျှော့ချရေးစသည့် ကွင်းဆက်တစ်လျှောက်လုံး အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

 

စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုး ထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် ချည်ထည် အဆင့်မီထုတ်လုပ်နိုင်မှု လုပ်ငန်း ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးမှုရရှိလာပါက ဒေသအတွင်း ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာလည်း ပေါ်ပေါက်လာမည်ဖြစ်သည်။ ထို့ကြောင့် ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံး ပူးပေါင်းပါဝင်ကာ ဝါတစ်ခေတ်ဆန်းသစ် စေခြင်းဖြင့် နိုင်ငံ့စီးပွား၊ ဒေသစီးပွား တိုးတက်မှုရရှိအောင် ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။