ဒေါက်တာမောင်မောင်တာ(စိုက်ပျိုးရေးဦးစီးဌာန)
စိုက်ပျိုးရေးဂေဟဗေဒစနစ်သို့ ကူးပြောင်းခြင်း
သွင်းအားစုမြင့်မားစွာအသုံးပြုမှုမှ ရေရှည်တည်တံ့ပြီး ပြင်ပသွင်းအားစုများကို အနည်းဆုံးအသုံးပြုသည့် စိုက်ပျိုးရေးဂေဟစနစ်သို့ ပြောင်းလဲရာတွင် အခြေခံ အားဖြင့် အဆင့် (၃)ဆင့်ရှိသော အကူးအပြောင်းလုပ်ငန်းစဉ်ကို တွေ့နိုင်သည်။
၁။ သွင်းအားစုအသုံးပြုမှုကို မြင့်မားစွာအကျိုးရှိစေခြင်း- ယင်းလုပ်ငန်းစဉ်တွင် ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်းခြင်း(IPM) ကို အထူးအလေးပေးသည်။ ဥပမာ- ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်းခြင်းနှင့်အတူ အကယ်၍ ပိုးမွှားကျရောက်နေ ပါက စိုက်ကွင်းများကို စောင့်ကြည့်စစ်ဆေးပြီး ပျက်စီးမှု၊ ဒဏ်ရာရမှု သို့မဟုတ် ရောဂါဖြစ်နိုင်စွမ်းအား (pathogenicity)၏ အနိမ့်ဆုံးတုံ့ပြန်စေသည့် အကန့် အသတ် ပမာဏတစ်ခုတွင်း ရောက်မှသာ ပိုးသတ်ဆေး သို့မဟုတ် ခြောက်လှန့် ဆေးဖျန်းခြင်းကို ဆောင်ရွက်သည်။ ကောင်းမွန်သော အဆင့်ဖြစ်ပြီး ပိုးသတ် ဆေးသုံးစွဲမှုကို လျော့နည်းစေသော်လည်း စိုက်ပျိုးရေးဂေဟဗေဒ၏ ရည်ရွယ် ချက်ကို မရောက်ရှိသေးပေ။
၂။ သွင်းအားစုအစားထိုးခြင်း- ပတ်ဝန်းကျင်ဆိုင်ရာအတွက် ကောင်းမွန်သော သွင်းအားစုများကို စိုက်ပျိုးဓာတုဆိုင်ရာ သွင်းအားစုများနေရာတွင် အစားထိုး ခြင်း ဖြစ်သည်။ အော်ဂဲနစ်ခြံအများစုတွင် ပြင်ပသွင်းအားစုများ ဥပမာ- စီးပွား ဖြစ်မြေဆွေးပုံ သို့မဟုတ် ရုက္ခဗေဒဆိုင်ရာ ပိုးသတ်ဆေးများကို အသုံးပြုခြင်း ဖြစ်သည်။ သွင်းအားစု အစားထိုးခြင်းသည် သမားရိုးကျ စိုက်ပျိုးမွေးမြူခြင်း၏ တူညီသော နမူနာပုံစံအတိုင်းဖြစ်ပြီး သဘာဝအပေါ် မှီခိုရမှု ဆက်လက်ဖြစ်ပေါ် နေကာ ဂေဟဗေဒဆိုင်ရာ အလားအလာများကို ဆုံးရှုံးစေသည်။
၃။ ဒီဇိုင်းပြောင်းလဲခြင်း- အကောင်းဆုံးသော သီးနှံ အတွဲအဖက်များ သို့မဟုတ် တိရစ္ဆာန် အစုအဝေးများနှင့် ဆောင်ရွက်သည့်စနစ် ဖြစ်သည်။ ယင်းသည် စုပေါင်း ညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်(synergism)ကို အားပေးသဖြင့် စိုက်ပျိုးရေးဂေဟဗေဒစနစ်သည် ယင်းတို့၏ ကိုယ်ပိုင်မြေဆီထက်သန်မှု၊ သဘာဝပိုးမွှားထိန်းချုပ်ခြင်းနှင့် သီးနှံထုတ်လုပ်မှုတို့ကို ကမကထပြုနိုင်သည်။ စိုက်ပျိုးရေးစနစ်များတွင် ဇီဝမျိုးစုံမျိုးကွဲခြင်း(biodiversity)၊ ဂေဟစနစ်လုပ်ငန်း စဉ်များ(ecosystem processes)နှင့် ထုတ်လုပ်မှု(Productivity)ကြား ဆက်နွှယ် မှုများ ပိုမိုအားကောင်းလာသဖြင့် စိုက်ပျိုးရေးဂေဟဗေဒစနစ် ရေရှည်တည်တံ့မှု နှင့် အရင်းအမြစ်ထိန်းသိမ်းခြင်းတို့တွင် တိုးတက်ဖွံ့ဖြိုးလာစေမည်ဖြစ်သည်။
သီးနှံ သီးလှည့်စိုက်ပျိုးခြင်းများ(Crop Rotations)
သီးနှံသီးလှည့်စိုက်ပျိုးခြင်းသည် စိုက်ပျိုးရေး ဂေဟဗေဒကို စတင်ရန် အဓိက သော့ချက်ကျသော နည်းဗျူဟာများဖြစ်သည်။ စိုက်ကွင်းတစ်ခုကို လေးပိုင်းမှ ခြောက်ပိုင်းအထိ ခွဲခြားပြီး အချိန်ကာလတစ်ခု ပြီးသည်အထိ အပိုင်းလိုက်ရှိသော အကွက်များတွင် သီးနှံများ ဆက်တိုက်စိုက်ပျိုးခြင်း ဖြစ် သည်။ ကောင်းမွန်သော သီးလှည့်စိုက်ပျိုးခြင်း စည်းမျဉ်းများမှာ တူညီသော အကွက်၌ တူညီသော သီးနှံမျိုးရင်းဝင်များ စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ခြင်း၊ ငွေရသီးနှံများ တစ်လှည့်၊ ဖုံးအုပ်သီးနှံများတစ်လှည့် စိုက်ပျိုးခြင်း၊ အမြစ်တိမ် သီးနှံတစ်လှည့်၊ အမြစ်နက်သီးနှံများတစ်လှည့် စိုက်ပျိုးခြင်း၊ ပြောင်း၊ စပါးကဲ့သို့ နိုက်ထရိုဂျင် ဖမ်းယူနိုင်သော သီးနှံများ စိုက်ပျိုးခြင်း၊ ဥစားသီးနှံပြီးနောက် နောက်ထပ် ဥစားသီးနှံစိုက်ပျိုးမှုကို ရှောင်ကြဉ်ခြင်းတို့ ပါဝင်သည်။ သီးနှံ သီးလှည့် စိုက်ပျိုးခြင်းတွင် တူညီသော အပင်မျိုးရင်းဝင်များ စိုက်ပျိုးနိုင်မည့် အကောင်း ဆုံးအချိန်ကို သတ်မှတ်ရန် လိုအပ်သည်။ သို့မှသာ သီးလှည့်စိုက်ပျိုးခြင်းတွင် အပင်မျိုးရင်းဝင်တစ်ခုက လွှမ်းမိုးထားခြင်းမရှိသည့် သီးနှံမျိုးစုံ မျိုးကွဲပြားခြင်း (diversification)စနစ်ကို အကောင်းဆုံးဖြစ်စေရန် ကူညီနိုင်သည်။
အခြေခံအားဖြင့် သီးလှည့်စိုက်ပျိုးခြင်းသည် ရောဂါများ၏ ဘဝစက်ဝန်းကို ချိုးဖျက်ပေးပြီး အချို့သော သီးနှံအတွဲအဖက်များသည် ပိုးများ/ ရောဂါများကို ဖယ်ရှားခြင်း သို့မဟုတ် လျော့နည်းခြင်းကို ဖြစ်စေသည်။ အပင်များနှင့် တွဲဖက် ပေါင်းစပ်ခြင်းအားဖြင့် ရောဂါပိုးများကို အဆိပ်ဖြစ်စေသဖြင့် သီးနှံ သီးလှည့် စိုက်ပျိုးခြင်းသည် ရောဂါများကို လျော့နည်းစေသည်။ ယင်းကို ဇီဝအဆိပ်ငွေ့ မှိုင်းတိုက်ခြင်း (biofumigation) ဟု ခေါ်သည်။
အထူးသဖြင့် သီးလှည့် သီးနှံများသည် ကွဲပြားသော ရုက္ခဗေဒဆိုင်ရာ မျိုးရင်း ဖြစ်သောအခါ သီးနှံသီးလှည့်စိုက်ပျိုးခြင်းသည် ပိုးမွှားများ၏ စက်ဝန်း ကို ဖျက်ဆီးနိုင်သည်။ ရောဂါပိုးအချို့သည် မြေကြီးထဲတွင် တစ်နှစ်ပြီးတစ်နှစ် ပုံစံတစ်မျိုး သို့မဟုတ် အခြားတစ်မျိုးဖြင့် အသက်ရှင်နိုင်သည်။ မျိုးတူသီးနှံ တစ်မျိုးတည်းကို ဆက်တိုက်စိုက်ပျိုးခြင်းသည် ယင်းသီးနှံ၏ မြေအောင်းရောဂါ တစ်မျိုးမျိုးကို တည်ဆောက်နိုင်ခြေရှိပြီး စိုက်ပျိုးရန်ခက်ခဲမှု ဖြစ်လာစေသည်။
သီးနှံအမျိုးမျိုး စိုက်ပျိုးခြင်း
ရိုးရှင်းသော သီးနှံမျိုးစုံ မျိုးကွဲခြင်း စနစ်များတွင် တောင်သူများသည် မျိုးစိတ် နှစ်ခု သို့မဟုတ် သုံးခုတွင် အခြေခံ၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြ သည်။ ယင်းစနစ်များမှ တစ်ခုမှာ အကန့်လိုက် သီးညှပ်စိုက်ပျိုးခြင်းပုံစံ (strip intercropping)ဖြစ်ပြီး သီးနှံများ အပြန်အလှန် တုံ့ပြန်နိုင်ရန် လုံလောက်သော အကန့်များအတွင်း သီးနှံတစ်မျိုးထက်ပို၍ ထုတ်လုပ်ခြင်းဖြစ်သည်။ အကန့်၏ အကျယ် ပေ ၂၀ ခန့်သည် အကျိုးကျေးဇူး အများဆုံးဖြစ်ပြီး သီးနှံတစ်မျိုးတည်း စိုက်ခြင်းထက် စီးပွားရေးတွက်ခြေကိုက်မှု ပိုမိုမြင့်မားသည်။
စုပေါင်းစိုက်ပျိုးမွေးမြူရေးခြံများကို ကြီးမားသော စိုက်ပျိုးရေးဂေဟဗေဒ ဆိုင်ရာ စိုက်ပျိုးမွေးမြူရေးခြံများအဖြစ် ပြောင်းလဲရာတွင် ဆင်ခြေလျှောများ တွင် ကွန်တိုအလိုက် စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲခြင်းကို မူလအတိုင်း ထိန်း သိမ်းခြင်း၊ မြေဆီပြန်လည် ကောင်းမွန်လာစေရန် သစ်စိမ်းမြေသြဇာ အသုံး ပြုခြင်း၊ အကန့်လိုက် သီးလှည့်စိုက်ပျိုးခြင်းနှင့် သီးလှည့်စိုက်ပျိုးခြင်း၊ သစ်စိမ်း မြေသြဇာကို ဆက်တိုက်ထောက်ပံ့နိုင်သော အလွှာပေါင်းစုံနေရာများ တည် ဆောက်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ဘက်စုံ တိရစ္ဆာန်မွေးမြူခြင်းသည် သီးနှံအကြွင်းအကျန်အားလုံးကို စားပစ်ပြီး တိရစ္ဆာန်များ၏ အညစ်အကြေးကို မြေသြဇာအဖြစ် ပြန်လည်အသုံးပြုသည်။
မြေဆီလွှာ၏ ဇီဝဆိုင်ရာ စီမံခန့်ခွဲမှုများ
အော်ဂဲနစ်ပစ္စည်းများကို ထောက်ပံ့ခြင်း- ပြောင်းလဲတတ်သော အော်ဂဲနစ် ပစ္စည်းနှင့် မပြောင်းလဲတတ်သော အော်ဂဲနစ်ပစ္စည်းဟု နှစ်မျိုးရှိပြီး ပြောင်းလဲ တတ်သော အော်ဂဲနစ်ပစ္စည်းများသည် လျင်မြန်စွာပုပ်ဆွေးပြီး ပုံမှန်အားဖြင့် အရွက်များနှင့် ကောက်ရိုးမှလာသည်။ မပြောင်းလဲတတ်သော အော်ဂဲနစ်ပစ္စည်း သည် အတော်နှေးကွေးစွာ ပုပ်ဆွေးပြီး ဥပမာအားဖြင့် အပင်၏ သစ်ကိုင်းများ ဖြစ်သည်။ ပြောင်းလဲတတ်သောနှင့် မပြောင်းလဲတတ်သော အော်ဂဲနစ်ပစ္စည်း အရောအနှောသည် ကောင်းမွန်သော မြေဆွေးဓာတ် ထုတ်လုပ်ရန်အတွက် အရေးကြီးသည်။ ပုပ်ဆွေးမှုနှေးသော အော်ဂဲနစ်ပစ္စည်းများသည် မြေကြီး၏ ဖွဲ့စည်းမှုပုံစံကို ဖြစ်ပေါ်စေပြီး လျင်မြန်စွာ ပုပ်ဆွေးသော အော်ဂဲနစ်ပစ္စည်းများ သည် အာဟာရဓာတ်များကို ပြဋ္ဌာန်းသည်။ မြေတွင်းသက်ရှိများကို လှုံ့ဆော် ပေးရန် ကောင်းမွန်သော အပူချိန်၊ အာဟာရဓာတ်များနှင့် လေဝင်လေထွက်တို့ လိုအပ်သည်။
အပင်မျိုးစုံ စိုက်ပျိုးခြင်း-အပင်အမြောက်အမြားသည် အမြစ်များမှ ဓာတ်ပစ္စည်း များကို ထုတ်လွှတ်ပြီး ယင်းဓာတ်ပစ္စည်း တစ်ခုစီသည် ကွဲပြားခြားနားသော ဘက်တီးရီးယားများကို လှုံ့ဆော်သည်။ ဓာတ်ပစ္စည်းများများထုတ်လေ အမြစ် အနားတစ်ဝိုက်၏ မြေတွင်း အဏုဇီဝသက်ရှိများ၏လုပ်ငန်းစဉ်များသည် ပိုမို ကောင်းမွန်လာလေ ဖြစ်သည်။
မြေဆီလွှာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း- ဖုံးအုပ်သီးနှံများ စိုက်ပျိုးခြင်း၊ သီးနှံစုံ စိုက်ပျိုးခြင်း၊ သီးနှံအကြွင်းအကျန်များဖြင့် ဖုံးအုပ်ခြင်း၊ သီးလှည့် စိုက်ပျိုးခြင်း၊ ထွန်ယက်မှု အလေ့အကျင့်များ လျှော့ချခြင်းတို့သည် အကွက်ထဲမှ ရေများစီးထွက်ခြင်းအစား မြေကြီးထဲသို့ စိမ့်ဝင်စေခြင်း၊ အနည်အနှစ်များနှင့် သစ်ဆွေးဓာတ်များ သယ်ယူခြင်းကို အားပေးသည်။ စိုက်ကွင်းများ အလွန်စိုရွှဲ နေသောအခါ အသုံးမပြုခြင်း၊ ဝန်များကို ပြန်လည်ခွဲဝေခြင်း၊ ယာဉ်အသုံးပြုမှု လျှော့ချခြင်းတို့ဖြင့် မြေကြီးကျစ်လျစ်စေမှုကို လျော့ပါးစေနိုင်သည်။
မြေတိုက်စားမှုလျှော့ချရန် အလေ့အကျင့်များ-အထက်တွင် ဖော်ပြထားသော အလေ့အကျင့်များအပြင် လှေကားထစ် စိုက်ပျိုးခြင်း၊ ရေကြောင်းတွင် မြက်များ စိုက်ပျိုးခြင်း၊ ကွန်တိုအတိုင်း အကန့်လိုက် စိုက်ပျိုးခြင်း၊ စိုက်ကွင်းများနှင့် ချောင်းများအကြားတွင် သဘာဝ သို့မဟုတ် စိုက်ပျိုးပင်များကို ကြားခံအဖြစ် အသုံးပြုခြင်း စသည်တို့ ပါဝင်သည်။
ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တစ်ခုကို အကဲဖြတ်ခြင်း
ပထမဦးစွာ စိုက်ပျိုးမွေးမြူရေးစနစ်သည် စိုက်ပျိုးရေး ဂေဟဗေဒစနစ် အခြေခံသဘောတရားများအတိုင်း စီမံခန့်ခွဲနေခြင်း ဟုတ် မဟုတ် သိရန်လိုအပ် သည်။ စိုက်ပျိုးမွေးမြူရေးခြံများနှင့် မြေယာရှုခင်းများတွင် ဗီဇနှင့် မျိုးစိတ် ကွဲပြားခြင်းကို မြှင့်တင်မှုရှိမရှိ၊ သီးနှံနှင့် တိရစ္ဆာန် ပေါင်းစည်းရေး (အာဟာရ စက်ဝန်း)ကို အားပေးနေခြင်းရှိမရှိ၊ မြေဆီလွှာများကို မြှင့်တင်နေခြင်း ရှိမရှိ၊ စိုက်ပျိုးမည့် မြေနေရာအသုံးပြုမှု(agroecological design)သည် အကောင်းဆုံး ဖြစ်မဖြစ် စသည့် မေးခွန်းများဖြင့် ဆန်းစစ်ရမည်။ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တစ်ခုကို အောက်ပါအညွှန်းကိန်းများဖြင့် အကဲဖြတ်နိုင်သည်။
မြေယာရှုခင်းဆိုင်ရာ ကွဲပြားခြားနားခြင်း(စိုက်ကွင်းပတ်လည်ရှိ သဘာဝ ပေါက်ပင်၏ ပမာဏနှင့် ပုံစံ)
စိုက်ကွင်းအတွင်း သီးနှံနှင့် တိရစ္ဆာန်အမျိုးအစား ကွဲပြားခြင်း (မျိုးစိတ် အရေ အတွက်)
ဗီဇဆိုင်ရာကွဲပြားခြင်း (ဒေသဆိုင်ရာ သီးနှံမျိုးများ၏ အရေအတွက်နှင့် တိရစ္ဆာန် မျိုးကွဲများ)
မြေဆီလွှာ၏ အရည်အသွေး (မြေ၏ဖွဲ့စည်းမှု၊ ကျစ်လျစ်မှု၊ အပေါ်ယံမြေဆီလွှာ ၏ ရာခိုင်နှုန်း၊ အမြစ်ဖွံ့ဖြိုးမှု၊ မြေတွင်းသက်ရှိများ၊ သစ်ဆွေးဓာတ်ပါဝင်မှု၊ ဖွဲ့စည်းမှု၊ အရောင်နှင့် အနံ့၊ ကျောရိုးမဲ့တိရစ္ဆာန်များ၏ တည်ရှိမှုနှင့် အဏုဇီဝ ဆိုင်ရာလှုပ်ရှားမှု )
အရင်းအမြစ်ဆုံးရှုံးမှုများ၏ သင်္ကေတများ(မြေဆီလွှာ တိုက်စားခြင်း၊ သစ်တော ပြုန်းတီးခြင်း၊ သက်ရှိများ တစ်စစီ ပျံ့နှံ့ခြင်း၊ ရေရရှိနိုင်မှု လမ်းကြောင်းများ၊ ရေကို အကျိုးရှိစွာ အသုံးပြုမှု၊ အာဟာရများ)
သီးနှံကျန်းမာရေး(ပိုး၊ ရောဂါနှင့် ပေါင်းများတည်ရှိမှု၊ သီးနှံပျက်စီးမှု)
ပြင်ပသွင်းအားစုအပေါ် မှီခိုရမှု(သွင်းအားစုများ၏ ရာခိုင်နှုန်း)
လုံလောက်သော စားနပ်ရိက္ခာ၏ အဆင့်အတန်းများ(ခြံထဲမှရရှိခဲ့သော စားနပ် ရိက္ခာ ရာခိုင်နှုန်း)
စိုက်ပျိုးမွေးမြူရေးခြံများ၏ အစိတ်အပိုင်းများအကြား အပြန်အလှန် တုံ့ပြန်မှု များနှင့် ဇီဝအရင်းအမြစ် စီးဝင်မှုများ (သီးနှံအကြွင်းအကျန်များနှင့် အညစ် အကြေးများကို ပြန်လည်အသုံးပြုမှု၊ biomass ကို အကျိုးရှိစွာ အသုံးပြုမှု၊ အပင်များအကြား လိုက်ဖက်မှုများ၊ သဘာဝ ပိုးနှိမ်နင်းခြင်းအဆင့်)
ပြင်ပနှောင့်ယှက်မှုများကို ခံနိုင်ရည်ရှိမှု (ပိုးမွှားများ၊ ခြောက်သွေ့မှုများ၊ မုန်တိုင်းများမှ ခံနိုင်ရည်ရှိပြီး ပြန်လည်သန်စွမ်းနိုင်သည့် စွမ်းအား)။
ရာသီဥတုဆိုင်ရာ သဘာဝဘေးအန္တရာယ်များနှင့် စိုက်ပျိုးရေးဂေဟဗေဒ
ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည် စက်မှုအခြေခံ စိုက်ပျိုး ရေးနှင့် ချိတ်ဆက်နေပြီး သမားရိုးကျ ကြီးမားကျယ်ပြန့်သော အမျိုးတူသီးနှံ တစ်မျိုးတည်း စိုက်ပျိုးသည့် အားနည်းချက် များကြောင့် ရာသီဥတုပြောင်းလဲမှု ၏ သက်ရောက်မှုများကို (ဥပမာ-ခြောက်သွေ့ခြင်း) ပြင်းထန်စွာခံစားရသည်။
စိုက်ပျိုးရေးဂေဟဗေဒစနစ် ပြန်လည်ကောင်းမွန်လာခြင်း၏ အကြောင်း အရာများမှာ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၊ သီးနှံစိုက်ပျိုးခြင်းနှင့် ဘက်စုံ တိရစ္ဆာန်စုံ မွေးမြူခြင်းတို့၏ ဗီဇ၊ မျိုးစိတ်နှင့် Landscape အဆင့်များတွင် မျိုးစုံ မျိုးကွဲပြားခြင်း၊ ရှုခင်းဆိုင်ရာ ဝန်းကျင်အခြေအနေများ၏ ရှုပ်ထွေးမှုနှင့် မြေ၊ ရေ စီမံခန့်ခွဲမှုတို့ ဖြစ်သည်။ (ဥပမာ-၁၉၉၈ ခုနှစ်က ဟာရီကိန်း Mitch တိုက်ခတ်စဉ် အမေရိကအလယ်ပိုင်းတွင် မြေဆီထိန်းသိမ်းသည့် အလေ့အကျင့် များကို အသုံးပြု၍ သီးနှံမျိုးစုံ စိုက်ပျိုးသည့် စိုက်ပျိုးရေးခြံများသည် သီးနှံ တစ်မျိုးတည်းစိုက်သည့် ခြံများထက် ဟာရီကိန်း၏ သက်ရောက်မှုကို ပိုမို ခံနိုင်ရည်ရှိပြီး အားပြန်ပြည့်လာမှုလည်း ပိုမိုမြန်ဆန်သည်။)
ပြန်လည်ကောင်းမွန်တိုးတက်လာခြင်းကို လွှမ်းမိုးသည့် အချက်တစ်ချက် မှာ စိုက်ပျိုးရေးခြံများအတွင်း ခင်းကျင်းထားသည့် ရှုခင်းဆိုင်ရာဝန်းကျင် ဖြစ်သည်။ ဥပမာ- သစ်တောပတ်လည်ဝန်းရံနေသော စိုက်ပျိုးမွေးမြူရေးခြံ များသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ထိန်းချုပ်ရာတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်နေပြီး ၎င်းစိုက်ပျိုးမွေးမြူရေးခြံများသည် ပိုလျှံ သော မိုးရေ၊ ခြောက်သွေ့ခြင်းနှင့် အခြား ရာသီဥတုသဘာဝဖြစ်စဉ်များကို ကောင်းစွာခံနိုင်ရည်ရှိ ရပ်တည်နိုင်သည်။
စားနပ်ရိက္ခာ အချုပ်အခြာနှင့် စိုက်ပျိုးရေးဂေဟဗေဒ
စိုက်ပျိုးရေးဂေဟဗေဒဆိုင်ရာ နည်းလမ်းများသည် သဘာဝ အခြေခံအရင်း အမြစ်ကို မြှင့်တင်လျက်၊ ဂေဟဗေဒဆိုင်ရာ ဝန်ဆောင်မှုများကို စီမံလျက်၊ မှန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုများကို လျှော့ချလျက်၊ စွမ်းအင်အနည်းငယ်နှင့် ရေအနည်းငယ်ကိုသုံးပြီး မြေအနည်းငယ်ပေါ်တွင် အစားအစာ ပိုမိုထုတ်လုပ် ခြင်းဖြစ်သည်။ ယင်းသည် သမားရိုးကျ စိုက်ပျိုးရေးမှ ခွဲထွက်သည့် alternative systems တစ်ခုဖြစ်သည်။
အစားအစာ အချုပ်အခြာသည် ကျန်းမာရေးနှင့် ညီညွတ်သော ရာသီ ထွက်ကုန်များကို ရပိုင်ခွင့်၊ ပြုစုပျိုးထောင်ထားသည့် သင့်လျော်သော အစား အစာကို ရပိုင်ခွင့်နှင့် ပြင်ပစွက်ဖက်မှုမရှိဘဲ အစားအစာ မူဝါဒများကို ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်တို့ ဖြစ်သည်။ အစားအစာ အချုပ်အခြာသည် စားသုံးသူများနှင့် ထုတ်လုပ်သူများအတွက် သင့်တင့်သော စျေးနှုန်းများဖြင့် ထုတ်လုပ်နိုင်ရန် လည်း အခွင့်အရေးရှိသည်။ အငယ်စား ထုတ်လုပ်သူများအတွက် ဒေသနှင့် ပြည်တွင်းစျေးကွက်များသို့ ဝင်ရောက်နိုင်စေရန် အထူး အာရုံစိုက်သည်။ ထုတ်လုပ်မှုသည် ဒေသနှင့် ပြည်တွင်းအဆင့်များ၏ လိုအပ်ချက်များနှင့် ပြည့်မီ ပြီးမှသာလျှင် ပြည်ပသို့ တင်ပို့သင့်သည်။
အစိုးရများသည် သင့်လျော်သော မူဝါဒများကို ချမှတ်ရန်လိုအပ်သည်။ ဥပမာ-လုပ်ကွက်ငယ်တောင်သူများအား ကာကွယ်ရန်၊ ၎င်းတို့အတွက် အကြွေး စနစ် ပြဋ္ဌာန်းပေးရန်၊ လက်ဝါးကြီးအုပ်မှုကို ဖယ်ရှားရန်၊ စိုက်ပျိုးရေး ဂေဟဗေဒ ဆိုင်ရာ စီမံချက်များကို မြှင့်တင်ရန်နှင့် အများပြည်သူ သုတေသနလုပ်ငန်းများကို ကာကွယ်ရန်တို့ ဖြစ်သည်။
အချုပ်ဆိုရသော် စက်မှုအခြေခံ စိုက်ပျိုးရေးသည် ကမ္ဘာကြီးကို ရေရှည် တည်တံ့စွာ ကျွေးမွေးရန် ပြဿနာများစွာရှိသည်။ ယင်း၏ အကန့်အသတ်များ နှင့် ပျက်စီးယိုယွင်းလာသော ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကြောင့် ကျွန်ုပ်တို့၏ စိုက်ပျိုးမွေးမြူရေးစနစ်ကို ပိုမိုကောင်းမွန်လာအောင် ပြန်လည် သုံးသပ်ရန် အရေးတကြီး လိုအပ်လျက်ရှိသည်။ ထိုအချိန်တွင် သဘာဝ ဂေဟ စနစ်များ၏ လုပ်ဆောင်ချက်များအတိုင်း နမူနာယူထားသည့် စိုက်ပျိုးရေး ဂေဟဗေဒဆိုင်ရာ သဘောတရားများနှင့် အလေ့အကျင့်များသည် အပင် ကျန်းမာရေး၊ မြေဆီလွှာ အရည်အသွေးနှင့် သီးနှံထုတ်လုပ်မှုတို့အတွက် စံပြ နမူနာတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် စိုက်ပျိုးရေး ဂေဟဗေဒသည် ယနေ့ ကမ္ဘာအတွက် ရေရှည်တည်တံ့သော၊ ကျန်းမာရေးနှင့်ညီညွတ်သော၊ စားနပ် ရိက္ခာ ထုတ်လုပ်နိုင်စွမ်းသော၊ ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှု အနည်းဆုံး ဖြစ်သော စိုက်ပျိုးရေးစနစ်တစ်ခုအဖြစ် ဦးစားပေး လုပ်ဆောင်သင့်သော နည်းစနစ်တစ်ခု ဖြစ်လာလျက်ရှိသည်။ ။
ကိုးကား - Third World Network (TWN), 2015. ၏ Agroecology: Key concepts principle, and practices.