ရွှေရတု ကျောင်းဆောင်သစ်အား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး

 

ဝါးခယ်မ ၂၀ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အ.ထ.က ရွှေလောင်းကျောင်း၏ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ ဝါးခယ်မမြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်နှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ ဒေသခံပြည်သူများ၏ စုပေါင်း လှူဒါန်းမှုဖြင့် အလျား ၆၆ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေရှိ ကျောင်းဆောင်သစ်နှင့် ရှေ့ရင်ပြင်အပါအဝင် စုစုပေါင်းငွေကျပ် သိန်း ၈၇၀ အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက အဖွင့်အမှာစကားပြောကြား၍ မြောင်းမြခရိုင် ပညာရေးမှူး ဦးခင်မောင်ဝင်းက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ လွှတ်တော်ဒုဥက္ကဋ္ဌ၊ စည်ပင်သာယာရေးဝန်ကြီး၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

mdn