ရွှေသောင်ယံ၊ ၂၁ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ၌ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများရှိပြီး တစ်ရာသီစိုက်ပျိုးသီးနှံများမှ ရရှိသောငွေမှာ မိသားစုစားဝတ်နေရေး ဖူလုံသည့်အပြင် လှူနိုင်တန်းနိုင်သည်အထိ ငွေပိုငွေလျှံများလည်း ရရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
စိုက်ပျိုးတောင်သူများသည် ပြောင်း၊ သခွား၊ ဖရုံ၊ ဘူး၊ ငရုတ်၊ တိုင်ထောင်ပဲ၊ ချဉ်ပေါင်၊ ရေကန်စွန်း၊ မုန်လာ၊ နံနံ စသည့်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ အနောက်ကမ်းခြေဒေသသည် သဲဆန်သော မြေများ ဖြစ်သည့်အတွက်ကြောင့် တန်ဆောင်မုန်းလလောက်မှ စိုက်ပျိုးလုပ်ကိုင်ကြရကြောင်း သိရသည်။
စိုက်ပျိုးပြီးချိန်မှစ၍ ပထမ(၄၅)ရက်တွင် သခွား၊ တိုင်ထောင်ပဲကဲ့သို့ သီးနှံများ ခူးဆွတ်ရောင်းချရကာ ပြောင်းသီးနှံများကိုတော့ (၂)လခွဲ၊ ရက်(၇၀) စသည်ဖြင့် ပြောင်းမျိုးပေါ်မူတည်၍ ခူးဆွတ် ရောင်းချရကြောင်း သိရသည်။
“ပြောင်းစေ့ နို့ဆီးဘူးတစ်လုံးစိုက်ပျိုးရင် ငွေကျပ်တစ်သိန်းဖိုးလောက် ရပါတယ်၊ ပြောင်းစေ့နို့ဆီဘူး (၁၂)လုံး စိုက်ပျိုးထားပါတယ်၊ ခရမ်းသီးဆိုရင်လည်း မိုးတစ်ကျထွက်ရှိပါတယ်၊ ကျန်တဲ့သီးနှံများလည်း အထွက်နှုန်းကောင်းပါတယ်၊ အခုဆိုရင် စိုက်ခင်းထဲမှာ လာရောက်ဝယ်ယူကြသူတွေ များပြားတဲ့အတွက် သီးနှံထွက်ရှိမှုနှုန်းဟာ မလောက်ငသေးပါဘူး၊ ပြောင်းအသန့်တစ်ဖူးကို (၂၀ဝ)ကျပ်၊ နည်းနည်သေးရင် (၁၅၀၊ ၁၀ဝ)ကျပ်၊ ခရမ်းသီးတစ်လုံးကို (၁၀ဝ)ကျပ် စသည်ဖြင့် ရောင်းချရပါတယ်။ တစ်ရာသီကို စိုက်ပျိုးသီနှံများမှ ရရှိသောဝင်ငွေမှာ သိန်း(၃၀)ဝန်းကျင်ခန့် ခန့်မှန်ထားပါတယ်” ဟု သဲကုန်းကျေးရွာမှ စိုက်ပျိုးမြေ(၂)ဧကပေါ်တွင် သီးနှံပင်များ စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူ ဦးတင်းဝင်းထံမှ သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)


