ရွှေသွေးဂျာနယ် နှစ်ငါးဆယ်

mdn

သတင်းဆောင်းပါး - မောင်ဆွေငယ်

 

“ရွှေရတုတိုင်ခဲ့ပြီဖြစ်သော ကလေးစာပေလမ်းကြောင်း” ခေါင်းစဉ်ဖြင့် ဖတ်ကြားခဲ့သော စာတမ်းတွင် စာတမ်းရှင် ဆရာသူရဇော်က အောက်ပါ အတိုင်း နိဒါန်းဖွင့်ခဲ့သည်- 

 

“မြန်မာနိုင်ငံ၏ စာပေတာဝန်ကို အစဉ်တစိုက်ထမ်းဆောင်နေသော စာပေဗိမာန်သည် စာပေဆိုင်ရာဟောပြောပွဲများ၊ နှီးနှောဖလှယ်ပွဲ များနှင့် စာတမ်းဖတ်ပွဲများကို ကျင်းပခဲ့ပါသည်။ အဆိုပါသုံးမျိုးတွင် “နှီးနှောဖလှယ်ပွဲ” အမည်ခံကာ စာပေပွဲတစ်ပွဲကို ၁၉၆၅ ခုနှစ်တွင် စာပေဗိမာန်က ကျင်းပပြုလုပ်ခဲ့သည်။ “ကလေးစာပေနှီးနှောဖလှယ်ပွဲ” အမည်ဖြင့် စက်တင်ဘာလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ စာပေ ဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။ ယင်းနှီးနှောဖလှယ်ပွဲအမည်ခံ စာတမ်းဖတ်ပွဲသည် စာပေဗိမာန်၏ ပထမဆုံးပွဲဖြစ်ပေရာ ယခုအခါ တွင် နှစ် ၅၀ ပြည့်မြောက်၍ ရွှေရတုကာလတိုင် ရောက်ခဲ့ပြီဖြစ်ပါသည်။”

 

 ဆရာသူရဇော်သည် ဆရာတက္ကသိုလ် မောင်အောင်ဆွေ၊ ဆရာ မောင်ယဉ်မှူးတို့နှင့်အတူ ၁၉-၉-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို ဗ ခန်းမ၌ ဤစာတမ်းကို ဖတ်ကြားခဲ့သည်။ 

 

ဤစာတမ်းကို သတိရမိသည်မှာ အခြားအကြောင်းကြောင့်မဟုတ်။ ၁၉၆၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က စတင်ထုတ်ဝေခဲ့သော “ရွှေသွေး ဂျာနယ်”ကို အမှတ်ရမိသောကြောင့်ဖြစ်သည်။ ယမန်နှစ် (၂၀၁၈ ခုနှစ်)က ရွှေရတုအကြိုအထိမ်းအမှတ် ရွှေသွေးအထူးထုတ်ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ယခုရက်ပိုင်းအတွင်းမှာပင် ရွှေရတုအထိမ်းအမှတ် ရွှေသွေးအထူးထုတ် ထွက်ရှိလာပါတော့မည်။ 

 

၁၉၆၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် “ရွှေသွေး”စာစောင်ကို စာပေဗိမာန်(ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန) က မီးရှူးသန့်စင်ပေးလိုက်သည်။ ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် ရွှေသွေးဂျာနယ် နှစ်ငါးဆယ်ပြည့်လေပြီ။ 

 

ကျွန်တော်တို့ငယ်စဉ်က ၁၉၅၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် “ခလေး ဂျာနယ်”နှင့် စာပေမျိုးစေ့ရခဲ့သည်။ ထိုစာစောင်တွင်ပါရှိသည့် ဆရာ မင်းသုဝဏ်၊ ဇဝန၊ တက်တိုး၊ မင်းယုဝေ စသည့် စာရေးဆရာကြီး များက ကျွန်တော်တို့ကို မျက်စိဖွင့်ပေးခဲ့သည်။ သူတို့စာများကို မွေ့လျော်ခဲ့၍ စာဖတ်ဝါသနာရင့်သန်ခဲ့ကြ၏။ ကျွန်တော်အထက်တန်းကျောင်းသားဖြစ် လာသည့်အခါ ”ရှ့ဆောင်လူငယ်”နှင့် “ဒို့ကျောင်းသား” စာစောင်တို့ကို နိုင်ငံတော်က ၁၉၆၄ ခုနှစ်တွင် ထုတ်ဝေခဲ့ သည်။ ၁၉၆၅ ခုနှစ်တွင် “တေဇ” ရုပ်စုံဂျာနယ်ကို စတင်ထုတ်ဝေခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် “ရွှေသွေး” ဂျာနယ်ထူးခြားစွာ ထွက်ရှိခဲ့သည်။ ဤစာစောင်များအားလုံးသည် ထိုခေတ်က ကလေးသူငယ်တို့အပေါ် စာပေဩဇာညောင်းခဲ့သည်။ 

 

မှတ်မှတ်ရရ ကျွန်တော့် မိတ်ဆွေတစ်ဦးက သူ၏ကိုယ်တွေ့ဖြစ်ရပ် ပြောပြဖူးသည်။ သူ့တွင် သမီးတစ်ဦးရှိသည်။ မွေးစကပေါင်မပြည့်ဘဲ လေးပေါင်ကျော်ရုံမျှသာရှိသည်။ ကလေးအထူးကု သမားတော်များ၏ ညွှန်ကြားချက်အရ ပေါင်ပြည့်သည်၊ မပြည့်သည်က အဓိကမဟုတ်။ အာဟာရပြည့်ဝအောင် စနစ်တကျကျွေးနိုင်သည်က ပဓာနဟုဆိုသည်။ မွေးစကကိစ္စမရှိ။ အမိနို့ရည်ကိုအားပြုနိုင်သည်။ ထမင်းခွံ့ကျွေးရသည့်အရွယ် ရောက်သည့်အခါ ပြဿနာစလာပါ တော့သည်။ ထမင်းကောင်းကောင်းမစား ခြင်းပင်ဖြစ်သည်။ 

 

စားချင်စိတ်ရှိလျှင် အထိုက်အလျောက်စားသည်။ စားလိုစိတ်မရှိက ဝါး၍ထွေးထုတ်ပစ်သည်။ သို့သော် သူ့ဇနီးက အမြင်ကျယ်သည်။ စာအလွန် ဖတ်သူဖြစ်သည်။ သူ့ဇနီးက သူ့ရင်သွေးကို ထမင်းကျွေးခါနီးတွင် ရွှေသွေး စာစောင်ကို ဖတ်ပြသည်။ စာဖတ်ပြမှုကို နှစ်သက်လာသည့် သမီးက စာဖတ်ပြရင်း ကျွေးသလောက်စားသည်။ နောင်တော့ သူ့သမီးသည် ထမင်းစားသည့်အခါ အစားအစာတစ်ခုခုစားရသည့်အခါ စာစောင်တစ်ခုကို မဖတ်ဘဲ မစားတတ်သည်အထိ စာပေကို မွေ့လျော်လာတော့သည်။ စာပေ တွင် မွေ့လျော်တတ်အောင် ရွှေသွေးက လေ့ကျင့်ပေးခဲ့သော သူ့သမီးသည် အရွယ်ရောက်သည့်အခါ သူဝါသနာပါရာ အသက်မွေးဝမ်းကျောင်းမှုနယ်ပယ် တွင် အထူးအောင်မြင်မှုရရှိနေပြီဟု ဆိုပါသည်။ ကျွန်တော်ပီတိဖြစ်ရသည်။ 

 

နိုင်ငံတကာကလေးများနှစ်တွင် ဖြစ်မည်ထင်ပါသည်။ ထိုနှစ်က ဆောင်ပုဒ်တစ်ခုပေါ်ခဲ့သည်။ “ကလေးသိမှုမှန်ကန်ရေး မိဘတို့ကိုပညာပေး” ဟူ၍ဖြစ်ပါသည်။ ကလေးသိမှုမှန်ကန်ရေးအတွက် မိဘတိုင်းတွင် တာဝန်ရှိ သည်ကို လူတိုင်းငြင်းမရ။ မည်သို့အသိပညာပေးမည်နည်း။ စာအုပ်စာပေကို မွေ့လျော်အောင် မိဘတို့က ဖန်တီးပေးရန်မှတစ်ပါး အခြားမရှိပြီ။ 

 

ကလေးများအပေါ် အရှိန်အဝါကြီးခဲ့သော ရွှေသွေးဂျာနယ်နှင့် ကျွန်တော် ဖူးစာဆုံခဲ့သည်ဟု ပြောလိုပါသည်။ ၁၉၈၀ ပြည့်နှစ်တွင် စာပေဗိမာန်သို့ စာတည်းအဖြစ်ရောက်ရှိခဲ့သည်။ ထိုစဉ်က လက်ထောက်စာတည်းဟု ခေါ်သည်။ ကျွန်တော့်အား ရွှေသွေးတွင် တာဝန်ပေးပါသည်။ ထိုစဉ်က ရွှေသွေးသည် ဆယ်နှစ်သားအရွယ်ရောက်နေပေပြီ။ ကျွန်တော်ရွှေသွေးစာစောင် ကိုင်ရသည့် အခါ ရွှေသွေးကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ဝေနေပြီဖြစ်သည်။

 

ကျွန်တော့်အထက်က တာဝန်ခံစာတည်းမှာ အလွန်တရာ စိတ်ထား ကောင်း၊ ပညာရည်ဝ၊ အင်္ဂလိပ်-မြန်မာစာပေနှံ့စပ်သူ ဆရာကြီး ဦးစံလွင်ဖြစ်ပါ သည်။ ကျွန်တော့် စီနီယာအယ်ဒီတာမှာ ကလေးစာပေသမိုင်းတွင် တစ်တပ် တစ်အား ပါဝင်ခဲ့သူဆရာ ဂယက်နီဖြစ်ပါသည်။ ဆရာမုံရွာဝင်းဖေမှာ သုတ ပဒေသာ စာစောင်ကိုင်ရသော်လည်း ကလေးစာပေ၊ ကဗျာနှင့် အကျွမ်းဝင်ပြီး သားဖြစ်ပါသည်။ ဆရာမောင်ဆုရှင်က စာတည်းမှူး ဖြစ်ပါသည်။

 

 ပင်တိုင်သရုပ်ဖော်ရေးဆွဲပေးနေကြသော ပန်းချီ၊ ကာတွန်းဆရာကြီးများမှာပန်းချီ ဦးဘကြည်၊ ဦးသန်းကြွယ်၊ ဦးကျော်ဆန်း(က-ဆ)၊ ဦးဖေသိန်း၊ ဦးအောင်ရှိန်၊ ဦးမောင်စိန်၊ ဦးတင်အေးတို့က တစ်လှည့်စီတာဝန်ယူကြသည်။နောင် ဆရာဦးသန်းကြွယ် ကွယ်လွန်သည့်အခါ သူ၏ညီက “သန်းနွယ်”အမည်ဖြင့် ဆရာဦးသန်းကြွယ်၏ လက်ရာအတိုင်း သရုပ်ဖော်နိုင်ခဲ့သည်။ ယခုထိုဆရာကြီးများ မရှိတော့။ လူငယ်ကာတွန်း၊ ပန်းချီဆရာများက ပါဝင် ရေးဆွဲကြသောကြောင့်လည်း ရွှေသွေးမှာ မြိုင်လွန်းလှသည်။ ထိုစဉ်ကလူငယ်ပန်းချီဆရာများသည်ပင် ယနေ့ဦးဆောင်ပိုင်းတွင် နေရာယူနေကြပါပြီ။

 

ရွှေသွေးဂျာနယ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသည့်အခါ ဘာသာပြန်ဆိုပေးကြသူများမှာ မြန်မာနိုင်ငံ၏ ထိပ်တန်းစာရင်းဝင်များဖြစ်ကြ သည့် ဦးဝင်းဖေ(မြဇင်)၊ ဦးကိုကို (Motley Ko Ko)၊ ဦးပေါ်ထင်(ဂျင်မီပေါ်ထင်)၊ ဦးအောင်ခင်(ပီအောင်ခင်)၊ ဦးအောင်ချမ်းသာ (C.T.Aung)၊ဦးကျော်မင်း(မင်းကျော်မင်း)တို့က စေတနာထား၍ ပြန်ဆိုပေးကြသည်။ ယင်းဆရာကြီးများအနက် ဆရာမြဇင်မှလွဲ၍ ကြွေလွင့်ကုန်ကြလေပြီ။ နောက်ပိုင်းတွင် ဆရာဦးခင်မောင်အေး (KMA) နှင့် ရွှေသွေးတာဝန်ခံစာတည်းအဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည့် ဆရာဦးခင်မောင်လေး (KML)နှင့် စာရေးသူတို့က ပါဝင်အားဖြည့်ကြသည်။

 

ယင်းဘာသာပြန်ဆရာကြီးများရှိစဉ်က ကျွန်တော်သည် စာတည်းရာထူးမှာပင် ရှိနေသေးသည်။ ယခင်ကယခုကဲ့သို့ ကွန်ပျူတာများမပေါ်သေး။ လက်စာစီ၊လက်ဒီဇိုင်းဖြင့်သာ စခန်းသွားနေရချိန်ဖြစ်သည်။ အမှားတစ်ခုခုပေါ်ပါက ချက်ချင်းမပြင်နိုင်။ ထို့ကြောင့် အမှားမပေါ်ရအောင် အထပ်ထပ်စိစစ်ပြီးမှ စက်တင်ရသည်။ စာမူ၊ သရုပ်ဖော်ပုံရွေး၊ ပန်းချီအပ်၊ စာမူ၊ ရုပ်ပုံတည်းဖြတ်၊ စာစီချ၊ ဂယ်လီပရုဖတ်၊ ပြန်ပို့၊ ပြန်စစ်၊ ပန်းချီဆရာ၊ ကာတွန်းဆရာများ၊ စာရေးဆရာ၊ ကဗျာဆရာများနှင့် လုပ်ငန်းတွေညှိရသည်မှာ အဆင့်များသော် လည်း ကြည်နူးရသည်။ (ယခင်က ကာတွန်းလက်ရာများကို ပုံကြမ်းတင်ရသည်။ စာတည်းအဖွဲ့က လက်ခံမှ အရောင်သွင်းပြီး သုံးရသည်။ ယခုတော့ အဆင့်မရှိတော့ပြီ။) 

 

မှတ်မှတ်ရရ ဆရာမြဇင် ပြောခဲ့သောစကားသည် ကျွန်တော့်ရင်တွင် စွဲထင်ကျန်ရစ်နေသည်။ ထိုစဉ်က ဘာသာပြန်ပြီးသမျှအားလုံးကို ဆရာ မြဇင်က တာဝန်ယူတည်းဖြတ်ရသည်။ ဆရာမြဇင်ထံမှ ကျလာသည့်အခါ အတည်ဖြစ်သည်။ သို့သော်ဆရာမြဇင်က ကျွန်တော့်ကို ဘာသာပြန်အမွေ လက်ဆင့်ကမ်းပေးခဲ့သည်။ 

 

“ဆရာကြီးတွေ ဘာသာပြန်တာနဲ့ပဲ ခင်ဗျားတို့ တင်းတိမ်မနေနဲ့။ ခင်ဗျားတို့လည်း ဝင်ပြန်ပါ။ မပြန်ရင် နောက်မျိုးဆက်ကန်းသွားလိမ့်မယ်” ဟူသော မှတ်ချက်ဖြင့် ကျွန်တော်ဘာသာပြန်ဆရာဖြစ်ခဲ့သည်။ ဆရာကြီး တစ်ဦးဦး မမာမကျန်းဖြစ်သည့်အခါ၊ ပြည်ပခရီးသွားနေသည့်အခါ သူတို့ တာဝန်ကို ဝင်ယူရင်း ဘာသာပြန်ဆရာဖြစ်ခဲ့သည်။ နှစ်ပေါင်းသုံးဆယ် ကျော်ခဲ့ပြီ။ 

 

နိုင်ငံခြားဘာသာပြန် ဂန္ထဝင်အပါအဝင် ကလေးစာပေအမြောက်အမြား ထွက်ရှိနေပါပြီ။ သို့ရာတွင် ကလေးတို့သည် မြန်မာ့ပုံပြင်များ၊ ခေတ်ပေါ် မြန်မာဇာတ်လမ်းများကို မြန်မာကလေးများက ပို၍နှစ်ခြိုက်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်က ၃-၁၁-၁၉၇၉ ရက်နေ့ထုတ် “ဗိုလ်တထောင်”သတင်းစာတွင် ဆောင်းပါးရှင်တစ်ဦးက ရွှေသွေးကို ဖတ်ရှုရာတွင် ကလေးတို့နှစ်သက်မှုကို အောက်ပါအတိုင်း သရုပ်ခွဲပြခဲ့သည်- 

 

- မြန်မာ့စရိုက်နှင့် အံဝင်ခွင်ကျမှုရှိခြင်း၊
 - ဖတ်ရှုသူ(ကလေးသူငယ်၊ လူငယ်လူရွယ်တို့)နှင့် နီးစပ်သော ပတ်ဝန်းကျင်မှ အကြောင်းအရာဖြစ်ခြင်း၊ 
- အသိပညာပေးဖြစ်ခြင်း၊
 - အရေးအသားမှာ နားလည်လွယ်ခြင်း၊ 
- ရုပ်ပုံများမှာ မြန်မာ့ဟန်၊ မြန်မာ့မူကို ထိန်းသိမ်းထားခြင်းတို့ပင် ဖြစ်သည်။ 

 

ရွှေသွေးတွင် ရေးဆွဲခဲ့ကြသော ပင်တိုင်ပန်းချီ၊ ကာတွန်းဆရာကြီး များသည် ကွယ်လွန်ကုန်ကြပြီ။ ယခင်က လူငယ်ပန်းချီ၊ ကာတွန်းဆရာများက ဆရာကြီးတို့၏နေရာတွင် ရောက်နေကြပြီ။ ဘာသာပြန်ဆရာကြီးများနေရာ တွင် ထိုစဉ်က လူငယ်တို့ နေရာဝင်ယူနေကြပြီ။ ဤလူငယ်တို့သည်ပင် အသက် ၇၀ တန်းတွေဖြစ်နေကြလေပြီ။ 

 

ရွှေသွေးတွင် ဖော်ပြသည့်လက်ရာအချို့ ကမ္ဘာ့နိုင်ငံများသို့ ရောက်နှင့်နေပြီ။ ပါဝင်ရေးသားကြသူအချို့ ကြွေကုန်ကြပြီ။ အချို့ကား စာပေဗိမာန်စာမူဆု၊ အမျိုးသားစာပေဆုတို့ကိုပင် ဆွတ်ခူးခဲ့ကြလေပြီ။ အချို့ကားရွှေသွေးကို ဦးမလှည့်နိုင်တော့။ သို့သော် အချို့ကား ယခုတိုင် ပံ့ပိုးနေဆဲ။

 

ယခုအခါ “ကလေးစာပေပွဲတော်” များကို နိုင်ငံတစ်ဝန်း မြို့ကြီးပြကြီးတို့တွင် စည်ကားစွာ ကျင်းပနေကြသည်။ ကလေးစာပေဖွံ့ဖြိုးရေးကိုနိုင်ငံတော်က အားထည့်ကြိုးပမ်းနေချိန်လည်းဖြစ်သည်။ ကျွန်တော်ငယ်စဉ်က တစ်စောင်တလေမျှကိုသာ ဖတ်ရှုရသော်လည်း ယနေ့တွင် ကလေးတို့အတွက် စာအုပ်၊ စာစောင်၊ ဂျာနယ်များစွာ ထွက်ရှိနေပြီ။ ယင်းစာစောင်များမှ တစ်ဆင့် ကလေးတို့ကို မျိုးချစ်စိတ်ဓာတ်ပျိုးပေးရမည်။ သတ္တိမွေးပေးရမည်။ စာအုပ်မြတ်နိုးစိတ်၊ စာဖတ်ချင်စိတ် နှိုးပေးရမည်။ ဤသို့မလုပ်နိုင်ပါက တာဝန်ကျေမည်မဟုတ်။

 

ရွှေသွေးဂျာနယ်ကို ကျွန်တော်တို့၏ ဆရာများက အမွေပေးခဲ့သည်။ ဤအမွေကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းခဲ့သည်။ ယနေ့ ကျွန်တော် တို့သည်ပင် ဘဝနေညိုသို့ ရောက်နေပါပြီ။ ကျွန်တော်တို့ လက်ဆင့်ကမ်းပေးသည့် ရွှေသွေးကို မျိုးဆက်သစ်စာတည်းအဖွဲ့က ဆက်လက်သယ်ဆောင်ကြပေလိမ့်မည်။

 

“ရွှေသွေး” သာမက “ရွှေသွေး” နှင့်အတူ လည်ပတ်နေကြသည့် ကလေး စာအုပ်၊ စာစောင်၊ ဂျာနယ်အားလုံး ထာဝရရှင်သန်နိုင်ကြပါစေ။ ။