မန္တလေး ၂၅ ဖေဖော်ဝါရီ

 

မန္တလေး၊ ကျောက်ဆည်မြို့နယ် သင်းတောင်းကြီးရွာရှိ ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် မဟာရွှေသိမ်တော် မြတ်စွာဘုရားတွင် မကြာမီဖြေဆိုတော့မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အဓိဋ္ဌာန် ကန်တော့ပွဲထိုးသူများ ယခင်ကထက် ပို၍များလာကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

 

“အရင်နှစ်ကထက် ဒီနှစ်မှာ ဆုတောင်းတဲ့သူတွေ ဆုတောင်းကန်တော့ပွဲ ထိုးတဲ့သူတွေက ပိုများတယ်။ ပုံမှန်ရက်တွေဆိုရင် ကန်တော့ပွဲတွေက တစ်ရက်ကို တစ်ထောင်ကနေ ၅ ထောင်အထိ ဖြစ်ပါတယ်။ အခုလို တက္ကသိုလ်ဝင်တန်း ရာသီဆိုရင် ကန်တော့ပွဲတွေက တစ်ရက်ကို ၄ ထောင်ကနေ ၁ သောင်းထိရှိပါတယ်။ ကျွန်တော်တို့ ဘုရားဂေါပက အဖွဲ့ဝင် ၁၂ ဦးကနေ အလှည့်ကျ ကန်တော့ပွဲထိုးတဲ့သူတွေကို ဆုတောင်းပေးတာတွေ လုပ်ပေးပါတယ်။” ဟု ဘုရားတွင် အဓိဋ္ဌာန်ပြု ကန်တော့ပွဲ ဆုတောင်းပေးသူ တစ်ဦးက ပြောသည်။

 

ကန်တော့ပွဲဈေးများမှာ အတက်အကျမရှိကြောင်း၊ ၃ ဖီးပွဲ တစ်ပွဲလျှင် ၄၀ဝ၀ ကျပ်၊ ၅ဖီးပွဲ တစ်ပွဲလျှင် ၆၀ဝ၀ကျပ်၊ ၉ဖီးပွဲ တစ်ပွဲလျှင် ၁၀ဝ၀ဝ ကျပ်၊ ၁၁ ဖီးပွဲ တစ်ပွဲလျှင် ၁၃၀ဝ၀ ကျပ် စသည့်ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ကြောင်း၊ ငှက်ပျောသီးများမှာ ဆောင်းရာသီတွင် နည်းနည်းညံ့သွားပြီး မိုးရာသီတွင် လှကြောင်းနှင့် ငှက်ပျောသီးများကို ၃ မိုင်၊ ၄ မိုင်၊ ၁၀ မိုင် စသည့် ဒေသများရှိ ကုန်သည်ပွဲစားများက လာရောက်ပို့ကြကြောင်း ရွှေသိမ်တော်ဘုရားတွင် ကန်တော့ပွဲ ရောင်းသော ဈေးသည်များထံမှ သိရသည်။

 

“ပွဲကျ ကန်တော့ပွဲတွေကိုတော့ ရွှေသိမ်တော်ဘုရားရဲ့ ရွှေတောင်ကြီး တောင်တစ်ပတ်လည်မှာ ဘုန်ကြီးကျောင်း ၁၂ ကြောင်း ရှိပါသည်။ ဘုန်းကြီးကျောင်းတွေကို နေ့ရက်အလိုက် ပုံသေသတ်မှတ်ပြီး ပွဲ ၂၀၊ ၂၅ပွဲ နေ့စဉ် လှူသွားတာ ဖြစ်ပါတယ်။ လှူသွားပြီးတော့ လပြည့်လကွယ် စနေ တနင်္ဂနွေ ရက်တွေမှာကျတော့ ငှက်ပျောသီး ဖီးရေ ထောင်ချီရတဲ့အခါမှာ ကျောက်ဆည်မှာဆို မင်းကွန်းမဟာ စာသင်တိုက် ကုန်းမြင့်သာ ဧရာဝတီ အစရှိတဲ့ စာသင်တိုက်များကို အလှည့်ကျနဲ့ လှူပါတယ်။ ဒီလိုလှူပြီး ပိုလျှံတာကို ၃ဖီးတစ်ပွဲ ၅၀ဝနဲ့ ကျွန်တော်တို့ပြန်ရောင်းပါတယ်။ ပြန်ရောင်းလို့ရတဲ့ ပိုက်ဆံတွေကို ဘဏ္ဍာငွေအဖြစ်နဲ့ ထိန်းသိမ်းပြီး ဝန်ထမ်းလစာပေးတယ်။ ဘုရားအတွက် လိုအပ်တဲ့ပြင်ဆင်မှု လုပ်ပါတယ်။” ဟု ဂေါပကအဖွဲ့ဝင် ဦးချစ်ညွန့်က ပြောသည်။

 

မဟာရွှေသိမ်တော် မြတ်စွာဘုရားသည် အနော်ရထာမင်းကိုယ်တိုင် တည်ထားကိုကွယ်ခဲ့ပြီး အရှင်အရဟံ ကိုယ်တော်တိုင် သိမ်သမုတ်တော်မူခဲ့ခြင်းဖြစ်သည်။ အဓိဋ္ဌာန်ဆုတောင်းပြည့်ကာ မြန်မာပြည်အရပ်ရပ်မှ လာရောက်၍ အဓိဋ္ဌာန်ဆုတောင်းကြသူများ၊ အဓိဋ္ဌာန်ကန်တော့ပွဲလှူသူများဖြင့် အမြဲမပြတ် စည်ကားလျက်ရှိကြောင်းနှင့် နယ်ဝေးမှ ဘုရားလာဖူးကြသော ခရီးသွားများအတွက် အခမဲ့တည်းခိုနိုင်စေရန် ဂေါပကအဖွဲ့မှ စီစဉ်ပေးကြောင်း သိရသည်။

 

ထိပ်ထားနိုင်