“နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို အခက်အခဲအကျပ်အတည်းများ ကြုံတွေ့ရပါက ရပ်တန့်နေ၍မရဘဲ ရှေ့သို့ဆက်လက် လှမ်းချီနေရမည်ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးသည် စီးပွားရေးပင်ဖြစ်သည်ဟုခံယူကာ ပြည်သူများစားဝတ်နေရေး ပြေလည်မှုမှ တစ်ဆင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် အဓိက ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါသည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
နိုင်ငံအတွက် အဓိကမှာ စီးပွားရေးဖြစ်သည်ဟု အသိပေးထားသည်။ နိုင်ငံ့ စီးပွားကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသော ကုန်ထုတ်စွမ်းအားကို ဦးစားပေးမြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့ရသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရန် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု နှင့် စက်မှုလုပ်ငန်းများကို ပိုမိုလည်ပတ်စေနိုင်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်း များလည်း တိုးတက်လာမည်ဖြစ်သည်။ ထိုအခါ နိုင်ငံ၏ GDP တိုးတက်လာနိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
နိုင်ငံ့စီးပွားကောင်းမွန်ရေးအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေးအတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်လျက်ရှိသည်။ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေး၊ ဝါသီးနှံများ အထွက်တိုးရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ တောင်သူ တစ်ဦးချင်း ဝင်ငွေတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးစီမံကိန်းများကို တိုးချဲ့ အကောင်အထည်ဖော်ကာ ကုန်ထုတ်လုပ်မှု မြင့်မား တိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်မှာ ပညာတတ်များပေါများ ကြွယ်ဝခြင်းဖြစ်၍ အသိပညာ၊ အတတ်ပညာ ပြည့်စုံသော လူသားအရင်းအမြစ်များ ပျိုးထောင်နိုင်ရေးအတွက် လူတိုင်းအနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်ရန် မသင်မနေရပညာရေးစနစ်ကို အကောင်အထည်ဖော်လျက် ရှိသည်။ KG+9 တက်ရောက်အောင်မြင်ပြီးပါက အခြေခံပညာ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအထက်တန်း ကျောင်းများသို့ တက်ရောက်နိုင်ပြီး သတ်မှတ်အရည်အချင်း ပြည့်မီပါက သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက်တက်ရောက် ပညာသင်ယူခွင့်ရမည်ဖြစ်သည်။
အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ပြန်လည်ကျင်းပလျက် ရှိသကဲ့သို့ နိုင်ငံတစ်ဝန်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော မူဝါဒကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ အမျိုးသားအားကစားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အောင်မြင်စွာကျင်းပခဲ့ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပြုစုပျိုးထောင် ပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသော အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည် ဖော်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးသည် တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ်နေသော အရေးကိစ္စဖြစ်သကဲ့သို့ တည်ငြိမ်အေးချမ်းရေးသည် လည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်ပတ်သက်နေသောကိစ္စဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေသလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများစွာကိုလည်း တစ်ပြိုင်တည်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း ပြည်တွင်းစီးပွားရေးအင်အား၊ ပြည်တွင်းနိုင်ငံရေးခိုင်မာမှုအင်အား၊ ပြည်တွင်းကာကွယ်ရေး စွမ်းပကားဟူသည့် အား(၃)အားကို ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ ပြည်သူလူထုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်အတူ “ရှေ့သို့ချီမည် ပန်းတိုင် ဆီ” ဆောင်ပုဒ်အတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုးသားရေးစရိုက် လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်များ မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာဖြင့် ပါဝင်ကြိုးပမ်းစွမ်းဆောင်ကြဖို့လိုမည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်၏ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့်လူမှုစီးပွားဘဝများကို ကြိုးပမ်းတည်ဆောက် သွားမည်ဖြစ်ရာ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံး၏ စုပေါင်းအားဖြင့် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း။
ကြေးမုံ