ရန်ကုန် ၂၂ နိုဝင်ဘာ
ရွှေသဇင် RC နှစ်ထပ်စာသင်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ အလှူရှင် ဦးသန်းဦးနှင့် ဒေါ်သန်းဝင်းတို့က ရွှေသဇင် ကျောင်းဆောင် သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိ သူများက ရွှေသဇင်နှစ်ထပ်ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား နံ့သာရည်ပက်ဖျန်းကြသည်။
ယင်းနောက် အထက(ဝေါ)မှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနတွင် ကျောင်းဆောင်များလိုအပ်လျက်ရှိသည်ကို အလှူရှင်မိသားစုက ယခုကဲ့သို့ RC နှစ်ထပ် ၁၀၆ ပေ × ပေ ၃၀ ဆောက်လုပ်လှူဒါန်းရာတွင် စာသင်ခန်း (၆) ခန်း ပါရှိပြီး စာသင်ခုံများ၊ လှျပ်စစ်မီးများအပါအ၀င် ငွေကျပ်သိန်းပေါင်း(၁၅၀၀)ကေျာ် အကုန်အကျခံလှူဒါန်းသည့်အတွက် ပညာရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် လိုအပ်ချက်များကို အလှူရှင်နှင့်မိသားစုက ပံ့ပိုးဖြည့်ဆည်းပေးသည့်အတွက် အလှူရှင် များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် များစွာကျေးဇူးတင်ရှိပါကြောင်း၊
နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထားအားပေး ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်၏ အေးချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ရှေ့အနာဂတ်ကိုကြည့်ရာတွင်၊ ကျောင်းနေအရွယ်ကလေးများ၏ အနာဂတ်ဘဝလှပရန်နှင့် အလုပ်အကိုင်ကောင်းများရရှိရန် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း။ အလှူရှင်များမှလိုအပ်သည့် ကျောင်းဆောင်များ၊ စာသင်ခုံများ၊ သန့်စင်ခန်း များ၊ စာကြည့်တိုက်များနှင့် ကျောင်းဖွံ့ဖြိုးရေးတို့နှင့်ပတ်သက်၍ လှူဒါန်းကြသည့် အတွက် အများကမျှော်လင့်လျက်ရှိသည့် အရည်အသွေးရှိသော သင်ယူမှုဝန်းကျင် ကောင်းများကို ပိုမိုမြန်ဆန်စွာ ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ပါကြောင်း။
လိုအပ်နေသော ဆရာ ဆရာမများ၊ ကျောင်းဆောင်များပြည့်စုံရန်၊ စာသင်ခုံများ ပြည့်စုံရန်၊ အားကစားကွင်းများ၊ ကျောင်း၏စိမ်းလန်းစိုပြည်ရေးနှင့် ဖွံ့ဖြိုးရေးနှင့် သက်ဆိုင် သည်များကို ပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ပံ့ပိုးပေးမှသာ အရည် အသွေးရှိသော သင်ယူမှုဝန်းကျင်ကောင်းတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမများ ပျော်ပျော်ရွှင်ရွှင် သင်ကြားသင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် ကျောင်းများကို ဆက်လက်ပံ့ပိုးပေးပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူမှုများကောင်းမွန်ရန် မိမိတို့၏ အတွေ့အကြုံပေါ်တွင်မူတည်ပြီး ကျောင်းသားကျောင်းသူ တစ်ဦးမကျန် သင်ယူတတ်မြောက်မှုအရည်အသွေးကောင်းရန် စုပေါင်းအင်အားဖြင့် ပူးပေါင်းကြိုးစားဆောင် ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးက ကျောင်းဆောင်သစ်အလှူရှင် ဦးသန်းဦးနှင့် ဒေါ်သန်းဝင်းတို့မှ လွှဲပြောင်းပေးအပ်သည့် ရွှေသဇင်ကျောင်းဆောင် သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ရွှေသဇင် စာသင်ကျောင်းဆောင်သစ်အလှူရှင် ဦးသန်းဦး က ကျောင်း ဆောင်သစ် လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်း အကျိုးတော်ဆောင်နာယက ဦးဝင်းမောင်က ကျေးဇူးတင်စကားပြောကြားသည်။
ယခုလှူဒါန်းသည့် ရွှေသဇင် စာသင်ကျောင်းဆောင်သစ် RC (၂)ထပ်ဆောင်တွင် စာသင်ခန်း(၆)ခန်း၊ စာသင်ခန်းတစ်ခန်းစီတွင် စာရေးခုံနှင့်ထိုင်ခုံ (၁၅)စုံစီ၊ စာသင်ခန်း တိုင်း၌ White Board(၁)ချပ်၊ ဆရာ ဆရာမ စာရေးရန် Stage(၁)ခုံ၊ ဆရာစားပွဲနှင့် ကုလားထိုင်ပါရှိပြီး တန်ဖိုးငွေကျပ်သိန်း(၁၅၁၀) အကုန်အကျခံ၍ ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


