ရွှေသံလွင်ကုမ္ပဏီလီမိတက် Sky Net မိသားစု၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ၁၃   ဧပြီ

 

ရွှေသံလွင်ကုမ္ပဏီလီမိတက် Sky Net မိသားစု၏ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်မှ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ Sky Net ရေကစားမဏ္ဍပ်၌ ကျင်းပသည်။

 

mdn

 

ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များနှင့် သင်္ကြန်ချစ်သူပြည်သူများ တက်ရောက်ကြသည်။

 

mdn

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် သူရဦးအောင်ကို၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ရွှေသံလွင်ကုမ္ပဏီလီမိတက်  နာယက ဒေါက်တာ ဒေါ်နီနီနှင့် ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ဝင်း တို့က မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့သည် တိုင်းရင်းသား ရိုးရာအကအဖွဲ့များနှင့် အနုပညာရှင်များကို အတာရေများဖြင့် ပက်ဖြန်းပေးကြပြီး တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ရွှေသံလွင်ကုမ္ပဏီလီမိတက် SkyNet မိသားစု၏ စတုဒီသာမဏ္ဍပ်၌ အစားအသောက်များ ချက်ပြုတ်နေမှုနှင့် ပြည်သူများလာရောက် စားသုံးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

နေပြည်တော်ဟိုတယ်ဇုန်ရှိ Sky Net ရေကစားမဏ္ဍပ်တွင် နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၏ တေးသီချင်းသီဆိုမှုများနှင့်အတူ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၊ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည့် သင်္ကြန်ချစ်သူပြည်သူများနှင့် စည်ကားလျက်ရှိသည်။

 

သတင်း - မျိုးသူဟိန်း၊

ဓာတ်ပုံ - ကိုကိုလေး၊ ကျော်ရဲဆွေ။

 

mdn