ခန့်ဇော်(ကျေးလက်)

 

ယမန်နေ့မှအဆက်

 

လျှပ်စစ်စွမ်းအင်သည် နိုင်ငံ့အရေး

 

စွမ်းအင်ဆိုင်ရာမူဝါဒနှင့်စည်းမျဉ်း။   ။ နိုင်ငံတော် အစိုးရသည် လျှပ်စစ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းတို့အတွက် မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးလျက်ရှိပြီး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော စွမ်းအင်များနှင့်ပတ်သက်၍ ထောက်ပံ့ကြေးနှင့် ဓာတ်ငွေ့ ထုတ်လွှတ်မှုဆိုင်ရာ စည်းမျဉ်းများသည် နိုင်ငံရေးအခင်းအကျင်းအပေါ် သိသိသာသာ သက်ရောက်လွှမ်းမိုးမှုရှိပါသည်။

 

အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု ။   ။ ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်လျက်ရှိပြီး နိုင်ငံတော်ဘတ်ဂျက်လိုအပ်ချက်နှင့် ဖြည့်ဆည်းပေးနိုင်မှုအပေါ်မူတည်၍ ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ရန်ပုံငွေပါဝင်ရင်းနှီးမြှုပ်နှံ မှုသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေ ပါသည်။

 

စွမ်းအင်လုံခြုံရေး ။   ။ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားရရှိရေးသည် နိုင်ငံ၏အမျိုးသားလုံခြုံရေး အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေးတင်းမာမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ ဈေးကွက်အတက်အကျများနှင့် ဆက်စပ်နေမှုများ စသည်တို့ကိုလျော့ပါးစေရန် မတူကွဲပြားသည့် စွမ်းအင်အရင်းအမြစ်များ သုံးစွဲနိုင်ရန်၊ လွတ်လပ်စွာဆောင်ရွက်နိုင်ရန် နိုင်ငံအများစု ဦးစားပေး လုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ရှိရပါသည်။

စီးပွားရေးအကျိုးသက်ရောက်မှု ။   ။ လျှပ်စစ်ဓာတ်အားသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ် အရေးပါပြီး အိမ်ထောင်စုများ၊ စီးပွားရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်းများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိပါသည်။

 

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှု အရေးကိစ္စများ ။          ။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို လျှော့ချရန်အတွက် နိုင်ငံတကာတွင် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချခြင်း၊ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

 

လူမှုအဆင့်အတန်းသာတူညီမျှရှိမှု ။   ။ စွမ်းအင် လိုအပ်ချက်ကိုလျှော့ချရန် ရည်ရွယ်သည့် အစီအစဉ်များ နိုင်ငံတိုင်းတွင်ရှိပြီး နိုင်ငံတစ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို လူတန်းစားအစုံ မျှမျှတတ ရရှိစေရေးသည် အဓိကကျသည့် နိုင်ငံရေးရည်မှန်း ချက်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပေသည်။

 

ကမ္ဘာ့နိုင်ငံရေး ။        ။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်များနှင့် နပ်စပ်ဖြတ်ကျော် စွမ်းအင်ကုန်သွယ်မှုကဲ့သို့သော နိုင်ငံတကာသဘောတူညီချက်များနှင့် စွမ်းအင်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များတွင် ရှုပ်ထွေးသော နိုင်ငံရေးညှိနှိုင်းမှုများပါဝင်နေပြီး နိုင်ငံအနေဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်များနှင့် ဟန်ချက်ညီမျှမှုရှိစေရေး ချိန်ညှိရန် လိုအပ်ပါသည်။

 

ပြည်သူလူထု၏သဘောထားနှင့် ရွေးကောက်ပွဲများ။          ။ စွမ်းအင်မူဝါဒများသည် ရွေးကောက်ပွဲများတွင် အရေးပါသော ကိစ္စရပ်တစ်ခုဖြစ်နိုင်ပြီး ပါတီကိုယ်စားလှယ်များသည် လျှပ်စစ်ဓာတ်အားခ၊ ဓာတ်အားရရှိမှုစသော စွမ်းအင်ဆိုင်ရာပြဿနာများကို ဖြေရှင်းပေးမည်ဟု ကတိပြုရင်း မဲဆွယ် စည်းရုံးမှုများ ပြုလုပ်လေ့ရှိကြပါသည်။ လျှပ်စစ် ဓာတ်အားသည် ခေတ်သစ်လူနေမှုဘဝတွင် မရှိ မဖြစ် အရေးပါသောကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ဖြန့်ဖြူး၊ သုံးစွဲမှုဆိုင်ရာမူဝါဒများသည် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးအတွက် ကြီးမားသောသက်ရောက်မှုများဖြစ်ပေသည်။

 

ရေသည် စွမ်းအင်အတွက် အရေးကြီးလိုအပ်ပြီး လျှပ်စစ်မီးသည်လည်း နေ့စဉ် လူနေမှုဘဝ၊ စားဝတ် နေရေးတို့အတွက် မရှိမဖြစ်လိုအပ်သလို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အတွက် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် လျှပ်စစ်စွမ်းအင်ကို နိုင်ငံအတွက် လုံလောက်အောင် ထုတ်လုပ်နိုင်ရန် လိုအပ်ပြီး နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက် နိုင်ရန် မူဝါဒများ ချမှတ်စီမံရမည် ဖြစ်သကဲ့သို့ တာဝန်ရှိသည့်ဌာနများအား လုပ်ဆောင်နိုင်ရေး တွန်းအားပေး၍ ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးရပါမည်။ အသစ်တည်ဆောက်နိုင်ဖို့ အဟောင်းဖျက်ဆီး နေတာတွေကို ရပ်သင့်ပါပြီ။ လုပ်နိုင်ရန်လည်း ရန်ပုံငွေရှိရပါမည်။ ရန်ပုံငွေရှိဖို့ ပြည်သူများကလည်း လျှပ်စစ်မီတာခများ မပျက်မကွက် ပေးဆောင်ကြ ရန်လိုအပ်သကဲ့သို့ လိုအပ်သည့် ရန်ပုံငွေရရှိရန် စီးပွားရေးကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး စီးပွားရေးကောင်းဖို့ နိုင်ငံတည်ငြိမ်အေးချမ်းရန် လည်းလိုအပ်ပါသည်။ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံ မှုများမြှင့်တင်ပေးရန် လိုအပ်သည့်အပြင် ကုန်ကျငွေကာမိစေသည့် တန်ရာတန်ကြေးဖြစ်မည့် အခွန် အခနှုန်းထားများဖြစ်ရန်နှင့် အမှန်ပေးဆောင်ရန်လည်း လိုအပ်ပါသည်။ လျှပ်စစ်မီတာခကို မိမိတို့ နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား နှိုင်းယှဉ် ကြည့်ပါက မိမိတို့နိုင်ငံကများစွာသက်သာနေ သည်ကို တွေ့ရှိရပါသည်။

 

ထို့ကြောင့် နိုင်ငံတကာနှင့် လိုက်လျောညီထွေဖြစ်ပြီး ခေတ်ကာလနှင့်လျော်ညီသော သင့်တင့်သည့် နှုန်းထားတစ်ရပ်ကိုပြင်ဆင်ရန် လိုအပ်ပါသည်။ သို့မှသာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်ပေမည်။ ကန့်ကွက်သူများလည်း ရှိနိုင်ပါသည်။ သို့ရာတွင် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ရန်လိုအပ်ပြီး လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲကြရန် လိုအပ်ပါသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် သုံးစွဲရန်နှင့် ပြည်တွင်းအတွက် ဖူလုံမှုရှိရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်ကုန်များများ ထုတ်လုပ်တင်ပို့နိုင်မှသာ နိုင်ငံ့စီးပွားတိုးတက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ အသစ် တည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းများအတွက် ရန်ပုံငွေရရှိ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 

ဆောင်ရွက်သင့်သည်များကို မလုပ်ဆောင်ပါက တာဝန်မကျေပွန်ရာ ရောက်မည်ဖြစ်သကဲ့သို့ အဟောင်းများလည်းမပြုပြင်နိုင်၊ အသစ်များလည်း မတည်ဆောက်နိုင်ဖြစ်ပြီး အမှောင်ထဲတွင် ထိုင်နေ ကြရပေလိမ့်မည်။ ထို့အပြင် လည်ပတ်နေသည့် စက်ရုံများလည်း ရပ်တန့်ကုန်လိမ့်မည်။ စက်ရုံများ ရပ်တန့်သွားပါက အလုပ်လက်မဲ့များများလာမည် ဖြစ်ပါသည်။ နိုင်ငံ့အရေးဖြစ်သည့်အတွက် နိုင်ငံရေးကို အသုံးချကန့်ကွက်ဆန့်ကျင်သူများကို အလေးမထားဘဲ ပြည်သူများ သိရှိနားလည် လက်ခံလာစေရန် ရှင်းပြအသိပညာပေးရပါမည်။ ကဏ္ဍတစ်ခုနှင့်တစ်ခု၏ ချိတ်ဆက်မှု၊ ဆက်စပ်ဖြစ်တည်မှုကို နားလည်သဘောပေါက်အောင်ရှင်းပြပြီး လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ထုတ်လုပ်နိုင်ရန် အားပေးလုပ်ဆောင်ကြရပါမည်။

 

“ရေအသက်တစ်မနက်” ဟူ၍ ရေသည် ကျန်းမရေးအတွက် အရေးကြီးကြောင်းကို တင်စားပြောဆို ကြပေသည်။ သန့်ရှင်းသော သောက်သုံးရေရရှိရန် စီမံဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ရေဖူလုံမှုမရှိခြင်းနှင့် လျှပ်စစ်မီးမရရှိခြင်းများသည်လည်း ဆင်းရဲခြင်းတစ်မျိုး ဖြစ်ပေသည်။ ကျွန်တော်တို့ ဘာကြောင့်ဆင်းရဲသလဲ အဖြေရှာကြည့်မည်ဆိုပါက စီးပွားရေးမကောင်းလို့၊ စီးပွားရေးလုပ်ကိုင်ရန် ငြိမ်းချမ်းမှုမရှိလို့၊ လျှပ်စစ်မီး လုံလောက်မှုမရှိလို့၊ ထုတ်ကုန်ထုတ်လုပ်တင်ပို့နိုင်မှု နည်းပါးလို့၊ စည်းလုံးညီညွတ်မှုမရှိလို့၊ နိုင်ငံရေးမတည်ငြိမ်လို့ စသည့်အကြောင်းအရာများပင်ဖြစ်ပါသည်။ အခြေခံ အဆောက်အဦများ ဖျက်ဆီးခြင်းများကို အားမပေး ကြပါနဲ့။ တားဆီးပေးကြပါ။ ဝိုင်းဝန်းထိန်းသိမ်း ပေးကြပါ။ မတားဆီးနိုင်ပါက ရှေ့တိုးနိုင်မည်မဟုတ် ပါ။ ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်များ ပြည့်မီရေး ကြိုးစားဆောင်ရွက်ရာတွင် ဒေသများ တည်ငြိမ် အေးချမ်းမှု၊ နိုင်ငံ့စီးပွားရေးတိုးတက်မှုရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဒေသအားလုံး တည်ငြိမ်အေးချမ်းရေးအတွက် အဖွဲ့အစည်းအားလုံး၊ ပြည်သူအားလုံးတို့က သတိ၊ ဉာဏ်ပညာနှင့် ဝိုင်းဝန်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရင်း...... ။ ။

 

ရည်ညွှန်းကိုးကားချက်

-         ကျေးလက်ဒေသများရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ပါ ကျေးလက်ရေရရှိရေးကဏ္ဍအား ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း အစီရင်ခံစာ (၂၀၂၄ ခုနှစ်၊ မေလ)

-         https: // www.statista.com / statistics/ 1423382/access-clean-drinking-water-east-southeast-asia-by-country/