မြဝတီ၊ ၁၀ မေ
ကရင်ပြည်နယ် မြဝတီမြို့ ရေပူစမ်းကျေးရွာ၌ ရွှေသပြေပန်းများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။
ရွှေသပြေပန်းများကို လီအိုမြေဩဇာခံပြီးစိုက်ပျိုးကာ ခူးရသည်အထိ တစ်နှစ်ကြာစိုက်ပျိုးရပြီး ရွှေသပြေပန်းများ၏ သက်တမ်းမှာ နှစ်(၂၀)ရှိကြောင်း၊ သက်တမ်းပြည့်သည့် ရွှေသပြေပန်းပင်များကိုလည်း တစ်ဝက်ဖြတ်ကာ ပင်တိုပြန်လုပ်ရလို့ရကြောင်း ပန်းစိုက်ခင်းပိုင်ရှင် ဦးဝင်းကြည်ထံမှ သိရသည်။
ရွှေသပြေပန်းမျိုးစိတ်ကို ထိုင်းနိုင်ငံမှ မှာယူစိုက်ပျိုးကြပြီး ရွှေသပြေပန်းတစ်ထုံးကို ကျပ် ၁၀၀၀ နှုန်းဖြင့် ပတ်ဝန်းကျင်ဒေသများနှင့် မြို့ဈေးကွက်ဒိုင်များသို့ ရောင်းချသလို ထိုင်းနိုင်ငံသို့လည်း တင်သွင်းရောင်းချလျက်ရှိကြောင်း သိရသည်။
ရွှေသပြေပန်းများကို ရောင်းချခြင်းဖြင့် တစ်နေ့လျှင် ကျပ် ၄၀၀၀၀ ကျော်ခန့် အမြတ်ရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


