မိုင်းယောင်း ၂၈ ဒီဇင်ဘာ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းအတွင်း တည်ထားကိုးကွယ်သည့် ပုဂံရွှေစည်းခုံပုံတူ ဝိဇယာရာမ စေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ အထွဋ်တော်၊ အရံစေတီထီးတော်များ၊ ရတနာပန်းခိုင်များ တင်လှူပူဇော်ခြင်း ရေစက်ချ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ချောင်းဦးမြို့ ရုပ်စုံကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး မေတ္တာသုတ်ပရိတ်တရားတော်များ နာယူခဲ့ကြကာ ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ရွှေထီးတော်တင်လှူပူဇော်ပွဲအတွက် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် ရေစက်ချတရား နာယူကြည်ညို၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)