ရန်ကုန်  ၉  အောက်တိုဘာ

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် ကိုဗစ်-၁၉ ရောဂါကြောင့်  ကုန်သွယ်မှုတွင် ထိခိုက်မှုရှိခဲ့သော်လည်း ရေထွက်ကုန်ပစ္စည်းတင်ပို့မှုတွင် ယခင်နှစ်ထက် စံချိန်တင်အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။ 

“ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကုန်သွယ်မှုမှာ ထိခိုက်မှုရှိခဲ့ပါတယ်။ ဒါပေမယ့် ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှု အနေနဲ့ကတော့ ယခင်နှစ်ထက် စံချိန်ကျော်ပြီး အများဆုံး တင်ပို့နိုင်ခဲ့ပါတယ် ” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။ 

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် (၅၈၃၆၇၆ ဒသမ ၃၅၄)  တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၇၂၈ ဒသမ ၂၅၇) သန်း ရရှိခဲ့ကာ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန် (၆၆၉၆၈၅ ဒသမ ၂၉၁) တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၈၅၃ ဒသမ ၁၃၆) သန်းရရှိကာ ယခင်ဘဏ္ဍာနှစ်ထက် မက်ထရစ်တန် (၈၆၀၀၈ ဒသမ ၉၃၇) တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ (၁၂၄ ဒသမ ၈၇၉) သန်း ပိုမိုရရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ  သိရသည်။

မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍတွင် ရေချို၊ ရေငန် ဖမ်းဆီးရေးနှင့် ငါးပုစွန်မွေးမြူရေးလုပ်ငန်း (၃)ရပ်ဖြင့် ထုတ်လုပ်မှု များကို ဆောင်ရွက်လျက်ရှိပြီး သဘာဝကိုအခြေခံသည့် ဖမ်းဆီးရေးလုပ်ငန်းများသည် ယုတ်လျော့လာသည့် ငါးသယံဇာတ အခြေအနေများကြောင့် တိုးမြှင့်ထုတ်လုပ်မှုထက် ထိန်းသိမ်းကာကွယ်သည့် နည်းလမ်းများဖြင့် ရေရှည် ထုတ်လုပ်နိုင်ရန် စနစ်တကျ ဆောင်ရွက်ရမည့်အခြေအနေသို့ ရောက်ရှိလျက်ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က သုံးသပ်ပြောကြားသည်။ 

“ ပင်လယ်ပြင်မှာ ငါး၊ပုစွန် ဖမ်းဆီးရရှိမှုက ကျဆင်းလာနေပါတယ်။ ရေချို၊ရေငန် ငါးပုစွန် မွေးမြူရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်ရမယ့် အချိန်ရောက်လာပါပြီ။ မွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ ဧရာဝတီတိုင်းဒေသကြီး  ပန်းတနော်မြို့နယ်မှာ  ခေတ်မီငါးတန်မွေးမြူရေး စီမံကိန်းကြီးတစ်ခု၊ ငွေဆောင်ဒေသမှာ ခေတ်မီရေငန် ပုစွန်မွေးမြူရေး စီမံကိန်းကြီးတစ်ခုနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ခေတ်မီ ရေငန်ပုစွန်မွေးမြူရေးစီမံကိန်းကြီး (၃)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ကစတင်ပြီး ငါးပုစွန်မွေးမြူရေး လုပ်ငန်းတွေကနေ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ နိုင်ငံခြားဝင်ငွေ များစွာတိုးမြှင့်ရရှိလာမယ့် အလားအလာကောင်းတွေလည်း ရှိနေပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။ 

မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း (၄၅)နိုင်ငံသို့ တင်ပို့နေရပြီး ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့နိုင်ကာ ဒုတိယအများဆုံး တရုတ်နိုင်ငံသို့ တင်ပို့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာ့ရေထွက်ကုန်များ ဈေးကွက်ကျဆင်းမှု ကြုံတွေ့ခဲ့ရပြီး မတ်လနှင့် ဧပြီလများတွင် ပြည်တွင်း၊ပြည်ပ ဈေးကွက်အခြေအနေအဆိုးဆုံးဖြင့် ကြုံတွေ့ခဲ့ရကြောင်း၊ မေလမှစတင်၍ ဈေးကွက်ပြန်လည် တိုးတက်လာခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ပြန်လည်ဖြစ်ပွားလာမှုကြောင့် ဈေးကွက် အခြေအနေ ၅ဝ ရာခိုင်နှုန်းအောက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြောင်း မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းတင်ပို့မှု ပမာဏနှင့် ဝင်ငွေမှာ ၆ လတာကြုံတွေ့ခဲ့သည့် အခက်အခဲကြားမှပင် စံချိန်တင်ရရှိခဲ့ခြင်းဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါအလွန်  တည်ငြိမ်မှုရှိလာမည့်ကာလတွင် မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် တိုးတက်ဖွံ့ဖြိုးမှု အခြေအနေကောင်းများကိုရရှိစေပြီး နိုင်ငံသားများအတွက် ငါးရိက္ခာ၊ ပြည်ပဝင်ငွေ၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးမြှင့်ရရှိစေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က သုံးသပ်ပြောကြားသည်။ 

သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)