နေပြည်တော် ဇွန် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာရှိ ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာ ဓါတ်ခွဲခန်းများဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက နိုင်ငံတကာတရားဝင်အသိအမှတ်ပြု ISO/IEC 17025 လက်မှတ်ကို သတ္တမအကြိမ်အထိရရှိခဲ့မှု အဆင့်ဆင့် ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ GACC ၏ အကြံပြုချက်များ၊ အဏုဇီဝဓါတ်ခွဲခန်းနှင့် ဓါတ်ခွဲခန်း လုပ်ငန်းများ၊ ဗဟို ဓါတ်ခွဲခန်းနှင့် တိုင်းဒေသကြီး ပြည်နယ်များရှိ ဒေသဆိုင်ရာ ဓါတ်ခွဲခန်း လုပ်ငန်းများ၊ ရန်ကုန်မြို့ရှိ ငါး ပုစွန် ပြုပြင်ထုတ်လုပ်သော အအေးခန်းစက်ရုံများအား လစဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ မြန်မာ့လယ်ယာသားငါး ပို့ကုန်များတင်ပို့မှုတွင် ငါးပုစွန်နှင့်ရေထွက်ကုန်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါ သော ကဏ္ဍတစ်ရပ်အဖြစ်ပါဝင်လျက်ရှိရာ မိမိနိုင်ငံ၏ ထွက်ကုန်အရည်အသွေးဆိုင်ရာ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးနှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များ၏ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် ဖောက်သည်နိုင်ငံများက သတ်မှတ်ထားသည့် ရေထွက်ကုန် ပစ္စည်းများ၏ ထုတ်လုပ်မှုဆိုင်ရာ စံနှုန်းများ၊ ကုန်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်း အရည်အသွေးများနှင့် အညီဖြစ်စေရေးအတွက် စနစ်တကျကြပ်မတ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။
မြန်မာ့မွေးမြူရေး ရေထွက်ကုန်များအတွက် အမျိုးသားအဆင့် ဓာတုဓါတ်ကြွင်း ထိန်းချုပ်မှု အစီအမံများနှင့်အညီ ကုန်ကြမ်းပစ္စည်း အပါအဝင် ထုတ်လုပ်မှု အဆင့်ဆင့်၏ သန့်ရှင်းရေး၊ ဓါတ်ကြွင်းများနှင့် ရောဂါဖြစ်ပွားစေသော ပစ္စည်းများအား စောင့်ကြည့် ထိန်းသိမ်းသွားရန် ဖြစ်ကြောင်း၊ မိမိတို့ဓါတ်ခွဲခန်းပညာရှင်များအနေဖြင့်လည်း နိုင်ငံတကာ အသိအမှတ်ပြု နည်းစနစ်ကောင်းများကို ပိုမိုသိရှိနားလည်ရေးနှင့် ဓါတ်ခွဲခန်းဆိုင်ရာ နည်းပညာများကို တိုးမြှင့်လေ့လာပြီး မျိုးဆက်သစ် လူငယ်ပညာရှင်များအား လက်ဆင့်ကမ်း မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် သာကေတ မိကျောင်း မွေးမြူရေးစခန်း တွင် ပြုစုစောင့်ရှောက်ထားရှိသည့် မိကျောင်း ဥ နှင့် သားပေါက်အဆင့် မှ အရွယ်ရောက်မိကျောင်းများအထိ အဆင့်အလိုက် လုပ်ငန်းဆောင်ရွက်မှုများ ၊ မြေသား ကန် ကွန်ကရစ်ကန်များဖြင့် မိကျောင်းမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာန ရေအရည်အသွေးစစ်ဆေးရေး နှင့် ရေချိုသုတေသန ဌာနစု၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်