ရေတာရှည်မြို့အဝင်တွင် ယာဉ်မောင်းအိပ်ငိုက်ကာ ၂၂ ဘီးယာဉ်တိမ်းမှောက်

ရေတာရှည် ၁၀ မတ် 

 


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ တောင်ဘက်အထွက် ရန်ကုန်-မန္တလေး ကားလမ်းတွင် မတ် ၁၀ ရက် နံနက် ၃ နာရီ မိနစ် ၂၀ ခန့်က သံဘောင်များ တင်ဆောင်လာသော ၂၂ ဘီးယာဉ် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 


ဖြစ်စဉ်နှင့်ပတ်သက်၍ ရေတာရှည်မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် အောင်ကိုကိုသန့်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း တောင်မှမြောက်သို့ ကြည်ခိုင် ၄၅ နှစ် အောင်ဇေယျရပ်ကွက် ပျော်ဘွယ်မြို့နေသူမောင်းနှင်ပြီး ဝေလင်းထွန်း ၃၆ နှစ် မြို့သစ် ပျော်ဘွယ်မြို့နေသူ လိုက်ပါလာသော YGN/&N xxxx နီဆန်း ၂၂ ဘီး ထွေလာယာဉ်သည် အခင်းဖြစ်ပွားသည့် ရေတာရှည် မြို့တောင်ဘက်အထွက် စက်မှုလယ်ယာဦးစီးဌာနရုံး ရှေ့အရောက် ယာဉ်မောင်းအိပ်ငိုက်ကာ ကားလမ်း အရှေ့ဘက်ဘေးရှိ လျှပ်စစ်ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိ၍ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။

 


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကြည်ခိုင်(စိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ဝေလင်းထွန်း(မစိုးရိမ်ရ) တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ရေတာရှည်မြို့ရဲစခန်းက ယာဉ် (ပ)၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 


ကိုလွင်(ဆွာ)