ရေတာရှည် ၃ အောက်တိုဘာ
ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသည့် ကုန်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့မြောက်ဘက်အထွက် စည်ပင်သာယာ စျေးအတွင်း၌ အောက်တိုဘာ ၂ ရက် ည ၁၀ နာရီမှ စတင်၍ Tast Kit ဖြင့် covid-19 ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဓာတ်ခွဲနမူနာယူ စစ်ဆေးမှုများဆောင်ရွက်ပေး လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ စစ်ဆေးရာတွင် ယနေ့ အောက်တိုဘာ ၃ နံနက် ၀၀.၃၀ နာရီ အထိ ကုန်တင်ယာဉ်စီးရေ ၁၁၆ စီး၊ လူဦးရေ ၂၁၅ ဦးကို စစ်ဆေးပေးနိုင်ခဲ့ပြီး တစ်ဦးတည်းမောင်းနှင်လာသည့် ယာဉ်မောင်းတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ညတွင်းချင်း ရေတာရှည်မြို့နယ်ဆေးရုံရှိ ကူးစက်လူနာများထားရှိရာ သီးသန့်ဆောင်သို့ အလုံပိတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ယနေ့ နံနက် ၁၀ နာရီမှ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ နံနက်ပိုင်းတွင် ၅ ဦး ပိုးတွေ့ရှိခဲ့ပြီး နေ့လည်ပိုင်း၌ တစ်ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ညနေ ၃ နာရီ ၄၀ မိနစ်အထိ ပိုးတွေ့လူနာ ၇ ဦးရှိပြီဖြစ်သည်။
လက်ရှိ ရေနီမြို့တွင် ကုန်တင်တင်ယာဉ်စီးရေ ၄၀၀ ခန့် ရပ်တန့်ထားရပြီး နောက်ထပ်ဝင်ရောက်လာသည့်ယာဉ်များကို ရေနီမြို့တောင်ဘက် ရဲစခန်းရှေ့မှလည်းကောင်း၊ ဆွာမြို့တောင်ဘက် မှန်စီကျေးရွာအနီးရှိ ဆွာတိုးဂိတ်တွင်လည်းကောင်း၊ ဖြူးမြို့နယ်တွင်လည်းကောင်း အဆင့်ဆင့်ပိတ်ဆို့ထားခဲ့ပြီး အလှည့်ကျစနစ်ဖြင့် လွှတ်ပေးနေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ပြောသည်။
ကုန်တင်ယာဉ်များ ရပ်တန့်စောင်းဆိုင်းနေကြခြင်းနှင့်ပတ်သက်၍ “နေပြည်တော် ဖြတ်သန်းမောင်းနှင်မယ့် ယာဉ်တွေကို ပဲခူးတိုင်းအဆုံး ရေနီမြို့မှာ ကျန်းမာရေးစစ်ဆေးပြီးမှ ဝင်လို့ရမယ်လို့ သတင်းရတော့ ကျွန်တော်တို့က လမ်းတစ်ဝက်ရောက်နေပြီလေ အမှန်တော့ ကြိုတင်အသိပေးရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ခုတော့ ထမင်းဘယ်နားစားရမှန်းမသိ ဘယ်လောက်ကြာမယ်ဆိုတာမသိတော့ အားလုံးဒုက္ခရောက်ကြတာပေါ့”ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
ယာယီ ပြင်ဆင်ထားသောနေရာတွင် တောင်ငူခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၄၀ ကျော်ဖြင့် ဓာတ်ခွဲနမူနာ(Swab)ယူခြင်း၊ Tast Kik ဖြင့် စစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရာ ရေတာရှည်မြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာညီဆွေက “လက်ရှိ ကျွန်တော်တို့ တောင်ငူခရိုင်အတွင်းက ကျန်းမာရေးဝန်ထမ်း ၄၃ ဦး၊ အခြားအကူအဖွဲ့တွေလည်း ပါသေးတယ်။ Tast Kit ခုရေ ၂၅၀၀ လောက် တောင်ငူကနေ ထုတ်ယူလာတာ။ ညကနဲ့ ခုမနက်ပိုင်းအထိ ၃၀၀ လောက်သုံးပြီးသွားပြီ။ ကျန်းမာရေး အစစ်ဆေးခံသူတွေအနေနဲ့ အဖြေသိရှိရဖို့ နာရီဝက်လောက်ပဲကြာပါတယ်။ ရောဂါပိုးတွေ့ရှိခြင်း မရှိတဲ့သူတွေကို ကျန်းမာရေး ထောက်ခံချက်အမြန်ဆုံးဆောင်ရွက်ပေးနေပါတယ်”ဟု ပြောသည်။
ရေနီမြို့ခံများအနေဖြင့် ယာဉ်တန်းရှည်ကြီးဖြစ်ပေါ်၍ အနယ်နယ်အရပ်ရပ်မှ လာရောက်သူများ စုဝေးနေကြခြင်းကြောင့် ကျန်းမာရေးအရ စိုးရိမ်ပူပန်မှုများရှိနေကြပြီး ရန်ကုန်မှ မထွက်ခွာမှီ ယာဉ်မောင်းများကို ကျန်းမာရေးစစ်ဆေးပေးနိုင်ပါက ယခုကဲ့သို့ အစုအဝေးကြီးဖြစ်ပေါ်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြာမှုများလည်းရှိနေသည်။ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်အကူလိုက်ပါသူများအား ကျန်းမာရေးစစ်ဆေးပေးနေသည့်လုပ်ငန်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်၊ တောင်ငူခရိုင်အုပ်ချုပ် ရေးမှူး ဦးမိုးထက်နှင့် တာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုလွင် (ဆွာ)