ရေတာရှည် နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာဆည်တမံနှင့် ချောင်းမကြီး(မြို့လှ) ဆည်တမံ နှစ်ခုမှ ၂၀၂၁-၂၀၂၂ နွေစပါးရာသီ၌ ဧက ၉၈၀၀ ကို ရေပေးဝေရန်လျာထားကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဆွာဆည်တမံ ရေပေးလက်တံမြောင်းအမှတ် (၂)မှ ရေပေးဝေရာတွင် သိုင်းဝ၊ ကွင်းကြီး၊ ကုန်ကြီး၊ ဆွာမင်းလမ်း၊ သပြေတန်း၊ ညောင်ပင်သာ၊ ဒိုးတန်း၊ ကွမ်းအုံကျေးရွာအုပ်စုအတွင်း နွေစပါး ဧက ၉၅၀၀ ကို ဒီဇင်ဘာ ၁၀ ရက်တွင် ရေစတင်ပေးဝေသွားမည် ဖြစ်သည်။ ထို့အတူ မြို့လှမြို့ အနောက်ဘက်ရှိ ချောင်းမကြီးဆည်တမံမှ ငွေတောင်၊ မြို့လှ၊ နတ်တောင်ကျေးရွာအုပ်စုများတွင် နွေစပါးစိုက်ဧက ၃၀၀ ကိုရေပေးဝေသွားမည်ဖြစ်သည်။

နွေစပါးစိုက်ပျိုးသော တောင်သူများအနေဖြင့် အပူချိန်ပြင်းသည့် နွေကာလအတွင်း အောင်ရေလိုအပ်ချက် အခက်အခဲများမရှိစေရန် ရက် ၉၀ နှင့် ၁၀၀ သက်တမ်းစပါးမျိုးများကို ရွေးချယ်စိုက်ပျိုးလျှင် အဆင်ပြေနိုင်မည် ဖြစ်သည်။

လက်ရှိတွင် စပါးစိုက်ပျိုးပြီးပါက သွင်းအားစုများဖြစ်သော ထွန်ယက်ခ၊ ဓာတ်မြေ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သွင်းအားစုကုန်ကျစရိတ်များ မြင့်တက်နေသည့်အားလျော်စွာ စပါးဈေးနှုန်းကောင်းမွန်မှသာ တောင်သူများ အဆင်ပြေနိုင်မည် ဖြစ်သည်။

ကိုလွင်(ဆွာ)