ရေတာရှည်မြို့နယ်ထွက် သရက်စိမ်းသီးအများစု ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချ

ရေတာရှည် ၂၀ ဧပြီ 

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကျေးလက်ဒေသ အသီးသီးမှထွက်ရှိသည့် သရက်စိမ်းသီးများ ကုန်စိမ်းအဝယ်ဒိုင်အသီးသီးသို့ ယခုအချိန်တွင် ဝင်ရောက်လျက်ရှိပြီး အများစုမှာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေရကြောင်း သိရှိရသည်။

 

“နွေရာသီမှာက အပူချိန်ပြင်းတော့ သရက်သီးစိမ်းကို စားသုံးတာများတယ်။ အဓိကအားဖြင့် ရန်ကုန်ဈေးကွက်ကို တင်ပို့ရတာ နေ့စဉ်လိုလိုပဲ။ လက်ရှိမှာ တစ်ပိဿာကို ကျပ် ၃၀ဝ၊ ၃၅၀ ကျပ်ဝယ်ပါတယ် လာရောင်းတာကတော့ ဒေသအစုံကပဲ”ဟု ဆွာမြို့၊ ထောက်ကြန့်ကွင်းကျေးရွာရှိ အဝယ်ဒိုင်လုပ်ငန်းလုပ်ကိုင်သူက ပြောကြားသည်။

 

ကျေးရွာအများအပြားတွင် နေအိမ်ခြံစည်းရိုးတစ်လျောက်နှင့် မြေလွတ်များ၌စိုက်ပျိုးထားလေ့ရှိကြပြီး မချစ်စု၊ ရင်ကွဲ၊ ဝါဆို အစရှိသောသရက်သီးမျိုးများကို အစိုက်များသည်။

 

“ကိုယ့်တောမှာဆိုတော့ ဟိုလူကလာခူး ဒီလူကလာခူးလေ၊ မိုးတိုက်လို့ ကြွေတာနဲ့တင်ကုန်ရော ရောင်းစားရတယ်ကို မရှိတာ ခုတော့ သရက်သီးစိမ်းဝယ်သူတွေက ရွာတွေအထိဆင်းလာတယ် အပင်ပြတ်ဝယ်ယူတဲ့စနစ်ပေါ့။ ကျွန်တော့အိမ်ဝိုင်းထဲမှာ မချစ်စုအပင် ၇ ပင်ရှိတယ်။ အားလုံး ၄ သောင်းခွဲနဲ့ဝယ်သွားတယ်”ဟု ဆွာမင်းလမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာဒေသခံ တစ်ဦးကပြောသည်။

 

သရက်သီးစိမ်းများကို အခွံနွှာကာ တို့စရာအမယ်စုံဖြင့် လူစည်ကားရာနေရာများ၊ ဘုရားပွဲဈေးတန်း၊ ရထားဘူတာရုံ၊ ကားဂိတ်များတွင် ရောင်းချလေ့ရှိသည်ကို မြင်တွေ့ရသည်။

 

ကိုလွင်(ဆွာ)

 

Mang