ရေတာရှည် ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှစ၍ အထက(ရေတာရှည်)ရှိ အောင်ဆန်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရေတာရှည်၌ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်တွင်း ပါဝင်သည့် မြို့ပေါ်ရပ်ကွက် ခြောက်ခု၊ ဘိုတော်ကုန်းကျေးရွာအုပ်စု၊ ကြံသနွယ်ကျေးရွာအုပ်စု၊ ပိတောက်ခင်ကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာအုပ်စုနှင့် စေတနာ့ဝန်ထမ်းများ အဖွဲ့များအား စာရင်းကောက်ယူထားရှိသည့် အသက်(၆၅)နှင့်အထက် သက်ကြီးရွယ်အိုများ စုစုပေါင်း ၁၃၀၂ ဦးကို ထိုးနှံပေးမည်ဖြစ်ရာ ဇူလိုင် ၂၉ ရက်က ရပ်ကွက် (၁)၊ (၂) ၊ (၃)၊ (၄)နှင့် (၅)တို့၌ သက်ကြီးရွယ်အိုများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်တွင် ပါရှိသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးအဖွဲ့ထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့် စာရင်းဖြည့်သွင်းခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီအသင်းဝင်များက သက်ကြီးရွယ်အိုများအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


