ရွှေတောင် ၅ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ တောင်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာပေးသင်တန်း ဖွင့်ပွဲကို ရွှေတောင် မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ဖိုးသိန်းတန် ကျေးရွာဓမ္မာရုံ၌ ယနေ့နံနက်၉ နာရီတွင် ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်ကဏ္ဍများ တိုးတက်စေရေး ကူညီလုပ်ဆောင်ပေးသွားမည့် အခြေအနေများ၊ သင်တန်းတွင် ပို့ချသွားမည့် သင်ခန်းစာဘာသာရပ်များကို ကျေးရွာသူကျေးရွာသားများက အကျိုးရှိစွာ သင်ယူသွားကြရန် အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းကို ရွှေတောင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ငါးအုပ်စု ကျေးရွာပေါင်း ၁၅ ရွာမှ သင်တန်းသား ၄၀ဦးတို့အား သက်ဆိုင်ရာကဏ္ဍအလိုက် သင်တန်းဆရာများကစာတွေ့လက်တွေ့ ငါးရက်ကြာသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ


