ရွှေတောင် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁−၂၀၂၂ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ပြည်ထောက်စုရန်ပုံငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၈ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူနှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များနှင့်အတူ ရွှေတောင်မြို့နယ်အတွင်းရှိ မြေနီကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်သည့် မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ကော်မတီဝင်များအား လိုအပ်သည်များ မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပန်းတင်ကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဒေသခံကျေးရွာနေပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် သောက်သုံးရေဖူလုံစွာ ရရှိမည့်အပြင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ဖြိုးလေး (ကျေးလက်)


