ရွှေတောင်၊ ၃ ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ စမ်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ် သင်တန်းကို ဇန်နဝါရီလ နောက်ဆုံးပတ်က အဆိုပါကျေးရွာ၌ စတင်ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

ကျေးရွာများအတွက် နှစ်စဉ်အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လေ့ကျင့်သင်ကြား ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာသည့်အပြင် မိသားစုဝင်ငွေ တိုးပွားလာစေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးက ပြောပြသည်။

သင်တန်းတွင် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာရပ်ဖြစ်သည့် အိမ်တွင်းလက်မှု စက်ချုပ်ပညာရပ်ကို သင်တန်းကာလ ရက် ၃၀ ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံအပ်ချုပ်စက်သင်တန်းသို့ သင်တန်းသူ ၂၅ ဦး တက်ရောက် ကြကြောင်း၊ စမ်းကျေးရွာသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်