ရွှေတောင် အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးက ရွှေတောင်မြို့ သရက်တောရပ်ကွက် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက အဆိုပါရပ်ကွက် ရွှေဂူကြီးဘုရားဝင်း မြင့်ရတနာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ် ၅၅ ခုကို ရပ်ကွက်ပြည်သူများထံ ပေးအပ်ခဲ့သည်။ ရွှေတောင်မြို့နယ်တွင် မြို့ပေါ်(၃) ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၈)အုပ် စုစုပေါင်း(၅၁)အုပ်စုရှိ လျာထားလူဦးရေ ၄၉၈၉ ဦးအား ပန်းခင်းစီမံချက်ဖြင့် အသက် ၁၆ နှစ်နှင့် အသက် ၁၈ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား မကိုင်ဆောင်ရသေးသူများကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)