ရန်ကုန် ၁၈ မတ်
COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့မှု ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ရွှေတိဂုံစေတီတော် ၀တ္ထုကံမြေအတွင်းရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဇရပ်၊ ဓမ္မာရုံများတွင် တရားစခန်းများကျင်းပခြင်း၊ စုပေါင်း ဒုလ္လဘ ရဟန်းခံပွဲများကျင်းပခြင်း၊ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆရာတော် သံဃာတော်များနှင့် သီလရှင်များ သီတင်းသုံးနေထိုင်ခြင်း၊ လူစုလူဝေးဖြင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက် ထပ်မံမထုတ်ပြန်မီကာလအတွင်း မပြုလုပ်ကြရန် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးမှ ညွှန်ကြားထားကြောင်း သိရှိရသည်။
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံး ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်က “ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားပျံ့နှံ့မှု ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက် ပြည်ပဘုရားဖူးတွေကို ဖေဖော်ဝါရီလကစပြီး ရွှေတိဂုံစေတီတော်ကို ရောက်ရှိလာရင် ပထမဦးဆုံး အပူချိန်တိုင်းပေးပါတယ်၊ လက်သန့်ရှင်းရေးအတွက် လက်ဆေးကန်တွေထားပြီး လက်ဆေးခိုင်းပါတယ်၊ နောက် နှာခေါင်းစည်းတွေ အခမဲ့ဖြန့်ဝေ တပ်ဆင်ပြီးမှ ဘုရားပေါ်ကို တက်ရောက်ဖူးမြော်စေပါတယ်။
အခုဆိုရင် ပြည်တွင်းဘုရားဖူးတွေကိုလည်း အပူချိန်တိုင်းပါတယ်၊ နှာခေါင်းစည်းတွေကိုလည်း အခမဲ့ဖြန့်ဝေပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်၊ လက်သန့်ရှင်းရေးအတွက် လက်ဆေးကန်တွေကိုလည်း ဆောင်ရွက်ပေးထားပါတယ်၊ ရွှေတိဂုံစေတီတော် ရင်ပြင်ထောင့်အသီးသီးမှာလည်း COVID-19 ကာကွယ်နိုင်ရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ဆောင်ရွက်ရမယ့် ဗီနိုင်းတွေ ထောင်ထားပေးပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ရွှေတိဂုံစေတီတော် သာသနိကအဆောက်အအုံများ သန့်ရှင်းရေးနှင့် ပတ်သက်၍ “ည ၁၀ နာရီထိုးပြီးတာနဲ့ ရွှေတိဂုံစေတီတော်ရင်ပြင်၊ ဇရပ်၊ ဆောင်းတန်းတွေ၊ ဓာတ်လှေကားတွေကို ဆပ်ပြာရည်တွေ၊ ပိုးသတ်ဆေးရည်တွေနဲ့ လိုက်လံဆေးကြော ဆောင်ရွက်ပေးနေပါတယ်။ ဘုရားဆောင်း တန်းတွေမှာ ဘုရာဖူးတွေ ဝတ်ပြုလာရောက်ကြတဲ့အခါ တစ်ဦးနဲ့ တစ်ဦး ၃ ပေခွာပြီး ဝတ်ပြုပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ လက်ရှိအချိန်မှာလည်း ရွှေတိဂုံစေတီတော်ကို ပြည်တွင်း၊ ပြည်ပက ဘုရားဖူး ဧည့်သည်တွေ နေ့စဉ်လာရောက်ဖူးမြော်လျက် ရှိပါတယ်” ဟု ပြောကြားသည်။
သတင်း၊ ဓာတ်ပုံ-ကိုကိုဇော်


