ရန်ကုန် ၂၈ ဖေဖော်ဝါရီ
ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင် ရာဟုထောင့်ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဂေါပကအဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ကျိုက်ပိကျောင်းဆရာတော် ဘဒ္ဒန္တ ဂုဏေသနထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးနှင့်စပ်လျဉ်း၍ အလှည့်ကျ သဘာပတိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက ဗုဒ္ဓပူဇနိယ မင်္ဂလာအဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။
ထို့နောက် မြတ်ဗုဒ္ဓ၏ သဗ္ဗညုတ ဉာဏ်ရောင် မြတ်တန်ဆောင်ကို လေးမြတ် ကော်ရော်ပူဇော်သောအားဖြင့် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ၊ ကျိုက်ပိကျောင်း ဆရာတော် ဘဒ္ဒန္တဂုဏေသန နှင့် ဂေါပကအဖွဲ့ဝင်များက ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာအား ရွတ်ဖတ်ခြင်း၊ မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေ ဒေသနာတော်များကို ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဗဟိုမဏ္ဍပ်အတွင်းရှိ ဧည့်ပရိသတ်များ၊ အာရုဏ်ခံ မုခ်ဦး လေးခုတွင် နေရာယူထားကြသော ပရိသတ်အမျိုး လေးပါးတို့က ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဗဟိုမဏ္ဍပ်အတွင်းရှိ ရတာဃရစံအိမ်တော်အတွင်း အသင့်နေရာ ယူထားသော သံဃာတော်မှ အသံမစဲ မဟာပဋ္ဌာန်းဒေသနာတော်များ ဆက်လက် ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ကြသည်။
ရွှေတိဂုံစေတီတော်၏ အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်များကို သံဃာတော်များက ယနေ့မှ မတ် ၈ ရက်အထိ ပူဇော် ရွတ်ဖတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းဓာတ်ပုံ - ဇော်မင်းလတ်


