ရန်ကုန် ဧပြီ ၂၈
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံ စေတီတော်ရင်ပြင် အရှေ့ဘက်မုခ်ရှိ ရေကြည်တော် ဝတ်အသင်းတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးမင်းလွင်က သင်တန်းပြီးမြောက်အောင်မြင်မှုအထိမ်းအမှတ် စကား ပြောကြားပြီး သင်တန်းနည်းပြ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာကြီး ဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက သင်တန်း နည်းပြဆရာကြီးနှင့် ဆရာမကြီးအား ဂါရဝပြုလက်ဆောင်နှင့် ဆုရသင်တန်းသားများကို ဆုချီးမြှင့်ပေးအပ်ကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါသင်တန်းကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓ ဘာသာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ် နှလုံးယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်ဖွင့်လှစ်ကာ ဧပြီ ၁၈ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ပြီး သင်တန်သား/သူ ၂၉ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)