ရန်ကုန် ၇ မတ်
ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၈ ရက်အထိ (တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ) ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာဟု ဆိုအပ်သော ပူဇော်ခြင်း အမျိုးမျိုးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်လျက်ရှိသည်။
သံဃာ့ပူဇာအနေဖြင့် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသော သံဃာ ၁၁၇ ပါးနှင့် သီလရှင် ၂၇ ပါး စုစုပေါင်း ၁၄၄ ပါးတို့အား ပင့်ဖိတ်၍ ရွှေတိဂုံစေတီတော် ရင်ပြင်တစ်ပတ် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် စေတနာရှင်၊ သဒ္ဓါတရားထက်သန်ကြသည့် အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် တည်ထားခဲ့ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၂၆၀၈ နှစ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်မင်းလတ်
ဓာတ်ပုံ- ကိုကိုဇော်