ရန်ကုန် မတ် ၁၅
ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပရာရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ၀တ်အသင်းအဖွဲ့များ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့၀င်များနှင့် ဘာသာရေး ၀တ်အသင်းအဖွဲ့များသည် နံနက်(၈)နာရီတွင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့အား ရည်မှန်း ပူဇော်သည့်အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်များကိုရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း စုရပ်မှစတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် လှည့်လည်ပူဇော်ကြပြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပမည့် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်းသို့ ပင့်ဆောင်ပူဇော်ကြသည်။
ထို့နောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်ကာလအတွင်း ကုသိုလ်အတူပြုရန် နတ်ဗြဟ္မာများကို ရွှေစေတီတော် ဥပသကာတစ်ဦးက ပင့်ဖိတ်သည်။
ယင်းနောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏ ပဝရသိရီမဟာဓမ္မဂုရု၊ ဘဒ္ဒန္တနာရဒါ ဘိဝံသ (လှရတနာဆရာတော်) ထံမှ ဧည့်ပရိသတ်တို့က နဝင်္ဂသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေးက ဗုဒ္ဓပူဇနိယအဖွင့်မင်္ဂလာစကား ဖတ်ကြားလျှောက်ထားသည်။
ထို့နောက် မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ရောင် မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သော အားဖြင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒွိပိဋ ကဓရ ဘဒ္ဒန္တ အဂ္ဂသာမိနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေးတို့က ဆီမီးတန်ဆောင်ထွန်းညှိပူဇော််၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ဖွင့်လှစ်ပေးပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာကို ဥပသကာတစ်ဦးက ရွတ်ဆိုပူဇော်ပြီး ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဗဟိုမဏ္ဍပ်အတွင်းရှိ ဧည့်ပရိသတ်များနှင့် အာရုံခံမုခ်ဦး(၄)ခုတွင် နေရာယူထားကြသော ပရိသတ် အမျိုးလေးပါး (သံဃာ၊ သီလရှင်၊ ဥပါသကာ၊ ဥပါသိကာ)တို့က မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေသဒေသနာတော်ကို တညီတညွတ်တည်း ရွတ်ဖတ်ပူဇော်ကြကာ ဗဟိုမဏ္ဍပ် အတွင်းရှိ ရတနာဃရစံအိမ်တွင် အသင့်နေရာယူထား သည့်အလှည့်ကျပဋ္ဌာနဘာဏက သံဃာတော်မှ အသံမစဲဆက်လက်ပူဇော်သည်။ ဆက်လက်၍ ဩဝါဒါစရိယဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သီလရှင်များအားရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တန်ဆောင်းနှင့် ရောင်တော်ပွင့်တန်ဆောင်းတို့၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို ယနေ့မှ စတင်၍ မတ် ၂၄ ရက်(တပေါင်းလပြည့်နေ့)အထိ ၁၀ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး သံဃာအပါး (၁၂၀)တို့က ၂၁၆ နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(ဇော်မင်းလတ်-mna)