ရန်ကုန် ၆ ဒီဇင်ဘာ
ရွှေတိဂုံစေတီတော်ကို ရှေးဟောင်းကမ္ဘာအမွေအနှစ်စာရင်းတွင် ထည့်သွင်းနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် သက်ဆိုင်ရာအဖွဲ့အစည်းမှ တင်သွင်းသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောကြားသည်။
“ရွှေတိဂုံစေတီတော်ကို ကမ္ဘာအမွေအနှစ်အနေနဲ့ လာမယ့်နှစ် နှစ်ဆန်းလောက်မှာကို နော်မယ်နေးရှင်းတင် တော့မှာ။ ဒီကမ္ဘာ့အမွေအနှစ်ဆိုတဲ့ဟာက ဆုရတာမဟုတ်ဘူး။ ကမ္ဘာ့ကတောင် လာသတ်မှတ်တဲ့ အမွေအနှစ်၊ ဒါ ကျွန်မတို့ပိုင်တဲ့အမွေအနှစ်ကို ဘယ်လိုတန်ဖိုးထားပြီး ဘယ်လိုစီမံခန့်ခွဲလဲဆိုတဲ့ဟာကို သူတို့က အသိအမှတ်ပြုမှာ” ဟု ဒေါ်မိုးမိုးလွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်အဖြစ် အဆိုပြုတင်ပြရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် တင်သွင်းလေ့ရှိကြောင်း သိရသည်။ ထိုသို့တင်သွင်းရာတွင် ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရမည့်အရာအား ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ၊ ရှေ့ဆက်ထိန်းသိမ်းဆောင်ရွက်သွားမည့် အစီအမံများကို တင်ပြရလေ့ရှိကြောင်း သိရသည်။
“ရွှေတိဂုံကိုကာကွယ်ထိန်းသိမ်းချင်ရင် ဧရိယာသတ်မှတ်ပြီးတော့ အဲဒီမှာတော့ ဘယ်လောက်ထက်မမြင့်တဲ့ ဟာမျိုးပေါ့။ နောက်တစ်ခါ ပိုနီးရင် သိပ်မမြင့်ပေမယ်လဲကွယ်တယ်။ အဲဒီတော့ နီးတဲ့နေရာတွေက ပိုပြီးတော့ သတိထားပြီး ထိန်းရမယ်။ အခုဆိုရင် မထိန်းဘဲနဲ့ပစ်ထားခဲ့တဲ့အတွက်ကြောင့် အရမ်းဆိုးရွားတာက ဗဟန်းအရှေ့ဘက်ရပ်ကွက်တွေပဲ” ဟု ဒေါ်မိုးမိုးလွင်က ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့သူမြို့သားများတွင် ဗုဒ္ဓဘာသာဝင်များမှာ အများစုဖြစ်ပြီး ရွှေတိဂုံစေတီတော်ကို တွေ့မြင်ရသည့် နေရာမှ လက်အုပ်ချီဦးခိုက်လေ့ရှိသည်။ ယခင်က အဝေးတစ်နေရာမှ ရွှေတိဂုံစေတီတော်ကို ဖူးတွေ့နိုင်သော်လည်း ယခုအခါ ဖွံ့ဖြိုးလာသော မြို့ပြစီမံကိန်း အဆောက်အဦများကြောင့် ဖူးတွေ့နိုင်ခြင်း မရှိတော့ချေ။
“အခုဆို တွံတေးဘက်ကလာရင် ကမာရွတ်မြို့နယ်ထဲက Time City ကြီးက တော်တော်ပိတ်နေတယ်။ စေတီတော်ကို အဝေးကနေ ဖူးလို့မရတော့ဘူး။ နောက် ဘုရင့်နောင်ဘက်ကဆိုရင်လဲ တော်တော်လေးပိတ်နေတယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
ရွှေတိဂုံစေတီတော်ကို ရှင်းလင်းလွယ်ကူစွာ ဖူးမြင်နိုင်ရန် အရှေ့ဘက်တွင် ကန်တော်ကြီး၊ အနောက်ဘက်တွင် ပြည်သူ့ရင်ပြင်များရှိသော်လည်း ရွှေတိဂုံအရှေ့ဘက်၊ ဗဟန်းရပ်ကွက်အတွင်းမှ အချို့အဆောက်အဦများကြောင့် စေတီတော်ကို ရှင်းလင်းလွယ်ကူစွာ ဖူးတွေ့နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အာကာစိုး