ရန်ကုန် နိုဝင်ဘာ ၁၄
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော် ရာဟုထောင့် အောင်မြေ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြိုင်ပွဲကျင်းပရေး ဗဟိုကော် မတီဝင်များသည် မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲကို ရွှေကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဝင် ရက်ကန်းစင်တော်များ ယှဉ်ပြိုင်ရက်လုပ်နေမှုကို လှည်လည်ကြည့်ရှု အားပေး ကြကာ ရက်ကန်းစင်တော်များကို အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲတွင် ခွာညိုပန်း စင်တော်၊ မြတ်လေးပန်းစင်တော်၊ စကားဝါပန်းစင်တော်၊ အင်ကြင်းပန်း စင်တော်၊ ကံ့ကော်ပန်း စင်တော်၊ ငုဝါပန်းစင်တော်၊ ပိတောက်ပန်းစင်တော်၊ စံပယ်ပန်းစင်တော်၊ သဇင်ပန်းစင်တော် စသည့် စင်တော် ၉ စင် ပါဝင်ယှဉ်ပြိုင်ရက်လုပ်ကြပြီး ပထမဆု ငွေကျပ် ၂၇ သိန်း၊ ဒုတိယဆုငွေကျပ် ၂၅ သိန်း၊ တတိယဆု ငွေကျပ် ၂၃သိန်း၊ စတုတ္တဆု ငွေကျပ် ၂၁ သိန်း၊ နှစ်သိမ့်ဆု တစ်ဆုလျှင် ငွေကျပ် ၁၀ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်၏ အကြိမ် (၄၀) မြောက် မသိုးရွှေကြာသင်္ကန်းရက်ခတ်ပြိုင်ပွဲကို စေတီတော်ရင်ပြင် တော်ရှိ တိုးချဲ့ဓမ္မာရင်ပြင်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးစိုးသိန်း တက်ရောက် အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် ရက်ကန်းစင်တော်များ၏ ယှဉ်ပြိုင်ရက်လုပ်နေမှုကို ကြည်ရူအားပေးကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စေတီတော်၏ မသိုးရွှေကြာသင်္ကန်းရက်ခတ်ပြိုင်ပွဲတွင် ရက်ကန်းစင်တော် ၂၄ စင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပထမဆု ငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုငွေကျပ် ၁၀ သိန်း၊ တတိယဆု ငွေကျပ် ရှစ်သိန်းနှင့် နှစ်သိမ့်ဆု တစ်ဆုလျှင် ငွေကျပ်လေးသိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၏ (၂၄) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲကို စေတီတော်ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး ယှဉ်ပြိုင်ရက်လုပ်ကြမည့် ရက်ကန်းစင်တော်များအတွက် အလှူငွေများ ပေးအပ် လှူဒါန်းကြကာ မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်နေမှုကို ကြည့်ရှုအားပေးကြသည်။
သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၏ မသိုးသင်္ကန်းရက်လုပ် ပြိုင်ပွဲတွင် စင်တော် ခုနစ်စင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၈ သိန်း၊ တတိယဆု ငွေကျပ် ၆ သိန်း၊ နှစ်သိမ့်ဆုတစ်ဆုလျှင် ငွေကျပ် ၅ သိန်း ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစေတီတော်များ၌ ပြိုင်ပွဲဝင်များ ရက်လုပ်ခဲ့ကြသည့် မသိုးရွှေကြာသင်္ကန်းများကို တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်ဦးတွင် စေတီတော်နှင့် စေတီတော် ပရိဝုဏ်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို ဆက်ကပ်လှူဒါန်းသွားကြမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလတ်(MNA)


