ရန်ကုန် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် သိင်္ဂုတ္တရကုန်းတော်၌ တည်ထားတော်မူသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်ရန်အတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါ နောက်ဆုံးအဆင့် လျှပ်စစ်မီး တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီး လျှပ်စစ်မီးချိန်ညှိခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိသောကြောင့် နိုဝင်ဘာလကုန်ပိုင်း၌ လျှပ်စစ်မီးချိန်ညှိခြင်းလုပ်ငန်းများ အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
“လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်နိုင်ဖို့အတွက် နောက်ဆုံးအဆင့် လျှပ်စစ်မီး တပ်ဆင်တာက ဆောင်ရွက်ပြီးစီးသွားပြီမို့ လျှပ်စစ်မီး ချိန်ညှိတာတွေကို လုပ်ဆောင်နေပါတယ်၊ ဒါလည်း ဒီနိုဝင်ဘာလကုန်လောက်ဆိုရင်တော့ ဆောင်ရွက်ပြီးစီးတော့မှာမို့ လာမယ့် ဒီဇင်ဘာ ၁၈ ရက် (၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်နေ့)မှာ ရေစက်ချအခမ်းအနားလုပ်ဖို့တော့ အကြမ်းဖျဉ်း စီစဉ်ထားပါတယ်၊ ဆက်လက်လှူဒါန်းကြမယ့် အလှူရှင်တွေရှိရင်လည်း လှူဒါန်းနိုင်ဖို့အတွက် ဆက်ပြီးလက်ခံသွားမှာဖြစ်ပြီး လောလောဆယ်တော့ အများလှူဒါန်းငွေနဲ့စိုက်ပြီး ကြိုလုပ်ဆောင်ရနေတာ ဖြစ်ပါတယ်”ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလပိုင်းက နိုင်ငံပိုင်သတင်းစာများမှ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးကြပ်မှုဖြင့် လျှပ်စစ်ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ကို ဖွဲ့စည်း၍ စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လျှပ်စစ်ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့အနေဖြင့် ၁၉၉၈ ခုနှစ် ထာဝရဘက်စုံပြုပြင်စဉ် မူလထွန်းညှိထားသော မီးတိုင်၊ မီးလုံး၊ မီးအလင်းရောင်အခြေအနေများမှ ပိုမိုကောင်းမွန်မည့် နည်းပညာသတ်မှတ်ချက်များနှင့် လျှပ်စစ်ပစ္စည်းများအသုံးပြုရန် အကြံပြုချက်ဖြင့် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းပညာဆိုင်ရာအောင်မြင်ခဲ့သော Lighting Specialist Co.,Ltd (Krislite) မှ ၂၀၂၁ ခုနှစ် ဧပြီလတွင် လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စေတီတော်မြတ်ကြီး လုံးတော်ပြည့် အဆင့်မြှင့်လျှပ်စစ်မီး ထွန်းညှိပူဇော်ခြင်းလုပ်ငန်းကို အများပြည်သူတို့၏ လှူဒါန်းငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အဆင့်မြင့် LED မီးလုံးများကြောင့် ပိုမိုထွန်းလင်းတောက်ပခြင်း၊ အသုံးပြုသော၀ပ်အား လျော့ကျစေခြင်း၊ လျှပ်စစ်အန္တရာယ်လုံခြုံမှု ပိုမိုတိုးမြှင့်လာခြင်းတို့ ရရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။
သတင်း(ပွင့်သစ္စာ)
ဓာတ်ပုံ(စိုးမြင့်အောင်)


